CNI News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၂

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အနေဖြင့် အပေါင်းအသင်း နည်းလာခြင်းက စစ်ရေးတွင် အားနည်းလာသည့် အခြေအနေဖြင့် ကြုံတွေ့လာရသည်ဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

TNLA သည် သာမန်အဖွဲ့အစည်း၊ ဒေသအလိုက် အဖွဲ့အစည်း ဖြစ်သည့်အတွက် လူအင်အား၊ လက်နက်ပစ္စည်း အင်အား၊ လူထုထောက်ခံမှု ပြန်လည်ရရှိရေးအတွက် ခက်ခဲနေသည့် အချိန်တွင် အထောက်အကူပြုနိုင်သော အကောင်းဆုံး မဟာမိတ်များ၏ ဆန့်ကျင်မှု၊ ဒေသခံလူထု၏ ဆန့်ကျင်မှုများကို ရင်ဆိုင်နေရသည်။

တစ်ဖက်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အဖွဲ့အစည်း ဖြစ်သည့်အတွက် ရေရှည်တွင် လက်နက်အင်အား၊ လူအင်အား ပြန်လည်ပံ့ပိုးပေးနိုင်ခြင်းကြောင့် စစ်‌‌ရေး၌ ပို၍ဖိအားပေးလာနိုင်ပြီး ဘက်စုံမှာ အသာစီးပြန်ရလာ သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ် 

၎င်းက “ခြုံပြီးတော့ ပြောရရင်တော့ အကောင်းဆုံး မဟာမိတ် အားနည်းသွားတဲ့ သဘောပေါ့၊ အထောက်အကူ ပြုနိုင်တဲ့၊ တအာင်းရဲ့အားတွေ အားနည်းသွားတဲ့ သဘောမျိုးတွေ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ‌ရေရှည်မှာ ဒီအဖွဲ့အစည်းထဲက အနေနဲ့ နိုင်ငံ‌တော်အဖွဲ့အစည်းက ရေရှည်မှာကျတော့ သူကပြန်ပြီးတော့ ပံ့ပိုးတာ ပြန်ပြီး တော့ ဖြည့်စွက်တာ ပိုပိုပြီးတော့ ဖိလာတာပေါ့ အခွင့်အလမ်း များတာပေါ့။ ဒီလို သာမန် အဖွဲ့အစည်း ဒေသအလိုက်အဖွဲ့အစည်းတွေမှာ ကျတော့ အဲဒီလို Fill လို့ခေါ်တာပေါ့။ ပြန်ဖြည့်ဖို့ လူအင်အား ပစ္စည်းအင်အား ဘာအင်အားဖြည့်ဖို့ နောက်ပြီး လူထုထောက်ခံမှုရဖို့ ဆိုတာတွေက ချက်ချင်းပြန်ပြီးတော့ လုပ်ဖို့က တော်တော်လေး ခက်တဲ့အချိန်မှာ ဒေသခံ လူထု ဆန့်ကျင်မှု၊ ဒေသခံ မဟာမိတ် အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်မှုတွေ ဖြစ်လာတယ်။ အပေါင်းအသင်း နည်း လာတဲ့ သဘောဗျ အရပ်သား စကားအရဆိုရင်ပေါ့။ အဲ့ဒါဆိုရင် ပြန်စဉ်းစားသင့်တယ်လို့ ယူဆတာပေါ့”ဟု ပြောသည်။

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်းမှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို သိမ်း ပိုက်ခဲ့သည်။

မြန်မာ့တပ်မတော်က ကျောက်မဲမြို့ကို ပြန်လည် ထိန်းချုပ်လိုက်စဉ်

သို့သော် TNLA သည် ၎င်းသိမ်းပိုက်ရရှိခဲ့သော နယ်မြေအတွင်းရှိ တခြား လက်နက်ကိုင်များဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို မောင်း ထုတ်ခဲ့ခြင်းကြောင့် စစ်ရေးနှင့်နိုင်ငံရေး ဆက်ဆံမှုများ ပြတ်တောက်သွားခဲ့သည်။

အလားတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်း တိုက်ခိုက်ခဲ့သော ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့်လည်း ကွတ်ခိုင်ဒေသ အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားခဲ့ကြသည်။

ထို့နောက် TNLA ကို လက်နက်ခဲယမ်း ထောက်ပံ့ ကူညီမှု အများဆုံးပေးနိုင်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် ပန်ဆန်းမြို့မှာ TNLA,MNDAA,SSPP မှ ခေါင်းဆောင် များဖြင့် အစည်းအဝေး တစ်ရပ် ကျင်းပပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မိမိတို့အနေဖြင့် လက်နက်ခဲ ယမ်း၊ ငွေကြေးနှင့် တခြားသော အကူအညီများကို ပေးအပ်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ အခြေအနေများအတွင်းမှာ မြန်မာ့တပ်မတော်သည် TNLA သိမ်းပိုက်ထားသည့် နယ်မြေများကို ထိုးစစ် ဆင်လာခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် နောင်ချိုမြို့ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ၌ ကျောက်မဲမြို့ကိုလည်းကောင်း ပြန်လည် သိမ်းပိုက်ခဲ့သည်။

အလားတူ မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်ရေး မြန်မာ့တပ်မတော်၏ ထိုးစစ်သည် မိုးကုတ်မြို့အနီး ရောက်ရှိ လာပြီဖြစ်သလို သီပေါမြို့ ပြန်လည်သိမ်းပိုက်ရေးကိုလည်း မြန်မာ့တပ်မတော်က စတင်နေပြီဖြစ်သည်။