CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် တရုတ်သည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ကို အာရုံစိုက်၍ ဆွေးနွေးမည့် သဘောရှိကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကာ/လုံမှ အာဏာသုံးရပ် ကျင့်သုံးနေစဉ် ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အသစ်ဖွဲ့စည်းလိုက်သော အဖွဲ့ဖြစ်သည်။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအစုအဖွဲ့ ၂ ရပ်လုံးတွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သော ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပါဝင်နေသည်ကို တွေ့ရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
ထို့ကြောင့် ကော်မရှင်နှင့် အစိုးရအဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကိုင်တွယ်သွားနိုင်သည့် ပါဝါရှိမည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ကလည်း သတ္တိရှိရှိပဲ ဝင်မယ်ထင်တယ်။ မြောက်ပိုင်းအဖွဲ့တွေကို အာရုံစိုက်မယ့် သဘောရှိတယ်။ ရှမ်းမြောက်အဖွဲ့တွေကို အာရုံစိုက်ပြီး ဆွေးနွေးမယ့် သဘောရှိတော့ အခုလက်ရှိ ကော်မရှင်ကတော့ အဲဒီ ငြိမ်းချမ်းရေးကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာ စစ်ရေးကိစ္စတွေနဲ့ ဆွေးနွေးရေး ကိစ္စတွေကိုတော့ ဒီအဖွဲ့တွေကပဲ ကိုင်တွယ်သွားနိုင်တဲ့ သဘောရှိပါတယ်။ သို့သော်လည်း အခုစုဖွဲ့တဲ့ နှစ်ခုစလုံးမှာ NSPNC လို့ခေါ်တဲ့ လောလော ဆယ်ပေါ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ရှိနေသေးတယ်။ သူတို့ကို ဖျက်သိမ်းတာလည်း မတွေ့ဘူး။ ဆက်လက်ပြီး လုပ်ကိုင်ခွင့်လည်း ပေးထားတယ်။ နောက်တစ်ဖက်က NSPNC မှာရှိနေတဲ့ ခေါင်းဆောင်က ၂ နေရာစလုံး ပါနေ တယ်။ ဗိုလ်ချုပ်ကြီးရာပြည့်ဆိုရင် ကော်မရှင်မှာလည်းပါတယ်၊ အစိုးရအဖွဲ့မှာလည်းပါတယ်။ ပါနေတဲ့အခါကြ တော့ သူ့အနေနဲ့ ကော်မရှင်ကိုယ်စားရော၊ အစိုးရအဖွဲ့ကိုယ်စားရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကိုင်တွယ် သွားနိုင်တဲ့ ပါဝါလည်း ရှိလာမယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တရုတ်သည် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် တအာင်းတပ်ဖွဲ့(TNLA) မှ ကိုယ်စားလှယ် အဖွဲ့တို့နှင့် ယခုလ(ဩဂုတ်လ)အတွင်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြရန်ရှိသည်။
အဆိုပါ သုံးပွင့်ဆိုင် တွေ့ဆုံမှုသည် ဩဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပနိုင်ကြောင်း သတင်းများ ထွက်နေသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် ကာ/လုံမှ အသစ်ဖွဲ့စည်းလိုက်သည့် ကော်မရှင်အမည်၏ စကားလုံးအသုံးအနှုန်းအရ အင်အားသုံးကာ စစ်ရေးအရ ဦးစားပေးနိုင်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘက်ကိုလည်း ဦးစားပေးနိုင်သည့် သဘောရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော် ထင်တာတော့ နှစ်မျိုးသွားနိုင်တယ်။ နှစ်မျိုးဆိုတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန် အကောင်အထည် ဖော်ပြီးတော့ ဖိဖိစီးစီးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးတွေကို တစ်ဖက်က အားပေးသလိုပဲ၊ တစ်ဖက်ကလည်း အင်အားသုံးပြီးတော့ ပြတ်ပြတ်သားသား တိုက်ရင် ရနိုင်တဲ့နေရာတွေမှာ အင်အားသုံးပြီးတော့ တိုက်နိုင်တယ်။ အဲဒါကြောင့် အစွန်းနှစ်ဖက်ပေါ့လေ။ အင်အားသုံးပြီး တိုက်မယ့် ဘက်ကိုလည်း ဦးစားပေးနိုင်သလို နိုင်ငံရေးဘက်ကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘက်ကိုလည်း ဦးစားပေးနိုင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ကော်မရှင် နာမည်ကိုက လုံခြုံရေးနဲ့ အေးချမ်းသာယာရေးဆိုတော့ အေးချမ်းသာယာရေးဆိုတာ ငြိမ်းချမ်းရေးကို ညွှန်းတာပေါ့။ လုံခြုံရေးဆိုတာက စစ်ရေးကို ညွှန်းသလို ဖြစ်နေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကာ/လုံသည် နိုင်ငံအား အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခြင်း ကိစ္စရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ပယ်ဖျက်လိုက် ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝှမ်း ကြေညာထားသော အရေးပေါ် အခြေအနေကိုလည်း ရုပ်သိမ်းလိုက်ကြောင်း ကာ/လုံ မှ ဆုံးဖြတ်ကြေညာခဲ့သည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၆၃ မြို့နယ်အား အရေးအပေါ် အခြေအနေ ကြေညာထားသည်။