CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် စကားများ ကျွံကုန်သည့်အတွက် မြန်မာ့ တပ်မတော်နှင့် ညှိနှိုင်းရန် ခက်သွားပြီဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

TNLA အနေဖြင့် လက်ရှိအနေအထားမှာ နောက်ဆုတ်ရန် ခက်ခဲသွားပြီး မြန်မာ့တပ်မတော် ဘက်ကလည်း တိုက်ခိုက်ပြီးမှ ရှင်းမည့်သဘောမျိုးရှိကြောင်း၊ TNLA အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲသို့ ပြန်ဆုတ် သွားမည်ဆိုပါက သက်သာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ဗိုလ်မှူးကြီးခွန်ဥက္ကာက “တအာင်းနဲ့တော့ မရတော့ဘူး။ နောက်ဆုတ်ဖို့လည်း ခက်သွားပြီ။ တိုက်ပြီးတော့ပဲ ရှင်းမယ့်သဘောမျိုး ရှိပါတယ်။ တအာင်းကတော့ သူ့ရဲ့ မူလ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ပြန်ဆုတ်သွားရင်တော့ သက်သာမယ်။ မဆုတ်ဘူးဆိုရင်တော့ တိုက်ခိုက်မှုကို ခံရမှာပဲ။ ညှိဖို့တော့ ခက်သွားပြီ တအာင်းက။ စကားတွေ ကျွံကုန်ပြီ။ MNDAA ကတော့ သူက နဂိုကတည်းက ညှိထားပြီ၊ အပစ်ရပ်ထားတယ်၊ သူတို့ လားရှိုးမှာ‌တောင်မှ လိုအပ်ရင် လိုအပ်သလို သွားရောက်တွေ့ဆုံ စကားပြောနေကြတော့ ကိုးကန့်ကတော့ အနုနည်းနဲ့ပဲ ညှိနှိုင်းသွား မယ်ထင်တယ်။ တရုတ် ပါမယ်ဆိုရင်လည်း တရုတ်က အာမခံ ခိုင်လုံအောင်တော့ လုပ်ပေးရမှာပေါ့။ တပ်က အာမခံတယ်၊ တရုတ်ကလည်း အာမခံရင်တော့ သူတို့စဉ်းစားမှာပေါ့။ ပလောင်ကတော့ နည်းနည်း ခက်တယ် အနေအထား။ ကိုးကန့်နဲ့ မတူနိုင်တော့ဘူး” ဟု ပြောသည်။

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။

မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်

အဆိုပါ စစ်ဆင်ရေးအတွင်းမှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို သိမ်းပိုက်ခဲ့သည်။

ထို့ပြင် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်များတွင် ဆွေးနွေးခဲ့ရာ အဆင်မပြေဖြစ်ခဲ့ကြသည်။

ထို့နောက် ဒုတိယအကြိမ်အနေဖြင့် TNLA နှင့် မြန်မာ့တပ်မတော်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဆက်လက် ဆွေးနွေးခဲ့သလို တတိယအကြိမ်မြောက်ကိုတော့ ဩဂုတ်လကုန်ပိုင်းတွင် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ဘဲ ယနေ့အထိ သဘောတူညီမှု မရှိသေးခြင်းဖြစ်သည်။

သို့သော် MNDAA နှင့် မြန်မာ့တပ်မတော်တို့အကြား တရုတ်၏ ကြားဝင်မှုဖြင့် အပစ်ရပ် လက်မှတ်ထိုးထားကြကာ လားရှိုးမြို့ကိုလည်း ပြန်လည်လွှဲပြောင်း ပေးအပ်ထားသည်။

TNLA နဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ် ၂ ဦးကိုတွေ့ရစဉ်

MNDAA သည် တရုတ်ဖြစ်သောကြောင့် ပြောရဆိုရ လွယ်ကူစေသဖြင့် တိုက်ခိုက်ပြီး ရှင်းမည့်ပုံ မရှိကြောင်း၊ TNLA သည် အပစ်မရပ်ထားသဖြင့် အတိုက်အခိုက် ပိုဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ကတော့ ကိုးကန့်လည်း တရုတ်ပဲ တရုတ်နယ်၊ တရုတ်လူမျိုး၊ တရုတ်စကားပဲ ပြောတော့ ကိုးကန့် နဲ့ တရုတ်နဲ့က ညှိဖို့လွယ်တယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကတည်းက ကိုးကန့်တွေက အင်္ဂလိပ်လက်ထက်မှာမှ မြန်မာပြည်ထဲ ပါသွားတာပါ။ အရင်တုန်းက တရုတ်ပြည်ပါပဲ။ ဒါကြောင့် ကိုးကန့်ကတော့ တရုတ်နဲ့ကတော့ သားအဖလို ဖြစ်နေတော့ ပြောလို့ဆိုလို့ လွယ်တော့ တိုက်ခိုက်ပြီးမှ ရှင်းမယ့်ပုံလည်း မဖြစ်တော့ဘူး၊ မရှိတော့ ဘူး။ အပစ်ရပ်ထားတာလည်း ခိုင်သွားပြီ။ ပလောင်ကတော့ အပစ်မရပ်ထားဘူးဆိုတော့ နည်းနည်း အတိုက် အခိုက် ပိုဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့် နောင်ချိုမြို့များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလများက ပြန်လည်သိမ်းပိုက်ထား ပြီးနောက် သီပေါမြို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

အလားတူ မိုးကုတ်မြို့ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ရေး မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။