CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၁၄
ဟားမာ့စ်အဖွဲ့သည် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီး ထားသည့် ဓားစာခံများအနက် အသက်ရှင် ကျန်ရစ်သော ဓားစာခံ ၂၀ ကို အောက်တိုဘာ ၁၃ ရက်တွင် ပြန်လွှတ် ပေးလိုက်ပြီဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၃ ရက် နံနက် အစောပိုင်းက ဓားစာခံ ၇ ဦးကို အရင်ဆုံး ပြန်လွှတ်ပေးခဲ့ကာ ကျန် ၁၃ ဦးကို နာရီပိုင်းအကြာတွင် ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဟားမာ့စ်တို့ လက်ထဲမှ ပြန်လည် လွတ်မြောက်လာသည့် ဓားစာခံ ၂၀ စလုံးသည် အမျိုးသားများဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခဲ့ကြသည်။
ဟားမာ့စ်တို့ လက်ထဲတွင် ကျန်ရှိနေသည့် ဓားစာခံ ၂၈ ဦး၏ ရုပ်အလောင်းများကိုလည်း အစ္စရေးကို ပြန်လည် လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်သော်လည်း မည်သည့်အချိန်၌ ပေးအပ်သွားမည်ဆိုခြင်းကို မသိရသေးပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
ဂါဇာမှ ပြန်လည် လွတ်မြောက်လာသည့် ဓားစာခံများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများက တဲလ်အဗစ် (Tel Aviv) မြို့ရှိ ရင်ပြင်တွင် စုရုံးခဲ့ကြပြီး အောင်ပွဲခံခဲ့ကြသည်။
ထိုအချိန်အတောအတွင်း အစ္စရေး၏ အကျဉ်းထောင်များထဲမှ ပြန်လည် လွတ်မြောက်လာမည့် ပါလက်စတိုင်း အကျဉ်းသားများ၏ မိသားစုဝင်များကလည်း အကျဉ်းထောင် အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေးအရ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရသည့် ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလည်း ဝင်ရောက်လာတော့မည် ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အောက်တိုဘာ ၁၃ ရက်တွင် အစ္စရေးသို့ ရောက်ရှိ လာခဲ့ကာ အမေရိကန်က အဆိုပြုထားသည့် ဂါဇာစစ်ပွဲအလွန် အုပ်ချုပ်ရေး အစီအစဉ်များကို အခြား ခေါင်းဆောင် များနှင့် ဆွေးနွေးရန် ပြင်ဆင်နေသည်။
ဂါဇာတွင် ဟားမာ့စ်အဖွဲ့၏ အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်နေသော်လည်း ယခုကဲ့သို့ အစ္စရေး ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ လဲလှယ်မှုက လူသေဆုံးမှု အများအပြား ဖြစ်စေခဲ့သည့် ဂါဇာ စစ်ပွဲကို အဆုံးသတ် စေလိမ့်မည်ဟု မျှော်လင့်ချက်များလည်း ထွက်ပေါ်စေခဲ့သည်။
Source: အေပီ