CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဒေသတွင်းရှိ မိခင်နှင့် ၁၀ နှစ်အောက် ကလေးငယ်များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်က ကာကွယ် ဆေးများ ထိုးပေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
ထိုးပေးမည့် ကာကွယ်ဆေးများမှာ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ဝက်သက်- ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်၊ ဦးနှောက်အမြှေးရောင်၊ အိတ်(ချ်)ပီဗီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပြင်းထန်အဆုတ်ရောင် စသည့် ရောဂါများ ကာကွယ်ဆေးဖြစ်သည်။
SNA နှင့် ကျန်းမာရေးဌာန ပူးပေါင်း၍ ဗန်းမောက်မြို့ပေါ်ရှိ ပြည်သူများကို ငှက်ဖျားနှင့် တုတ်ကွေး ကာကွယ် ဆေးများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၃ ရက်ထိ ထိုးပေးခဲ့သေးသည်။
ဗန်းမောက်မြို့နယ်ကိုတော့ SNA ၏ တပ်မဟာ ၆၁၄ က တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာလည်း SNA နှင့် ကျန်းမာရေးဌာန ပူးပေါင်း၍ မျက်စိဝေဒနာရှင်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၃၁ ရက်ထိ အခမဲ့ ကုသပေးခဲ့သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ဟုမ္မလင်း၊ တမူး၊ ဖောင်းပြင်၊ ထမံသီ၊ ဆယ်ဇင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ်အတွင်းက ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စသည့် ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။
ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ တမူးမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ဖားကန့်ဒေသများကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် SNA နှင့်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။