CNI International News
ကွာလာလမ်ပူ၊ သြဂုတ် ၁
မလေးရှားနိုင်ငံတွင် အောက်တိုဘာလအတွင်း ပြုလုပ်မည့် အာဆီယံအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တက်ရောက်လိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ထိုအာဆီယံ အစည်းအဝေးသည် ထရမ့် ဒုတိယသက်တမ်း အာဏာရလာပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး အာဆီယံအစည်းအဝေး တက်ရောက်သည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
ထရမ့်ကလည်း ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက အန်ဝါနှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ချိန်တွင် အာဆီယံ အစည်းအဝေး ကို တက်မည့်အကြောင်း အတည်ပြုခဲ့သည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုဖုန်းပြောဆိုမှုအတွင်း ထရမ့်က ကမ္ဘောဒီးယားနှင့် ထိုင်းကြား နယ်စပ်ဒေသ ပြဿနာနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရာတွင် မလေးရှား၏ ကြားဝင်စေ့စပ်ပေးမှုကို ဂုဏ်ပြုခဲ့သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။
ထရမ့်နှင့် အန်ဝါတို့သည် အမေရိကန်၏ ကုန်သွယ်ခွန် ကောက်ခံသည့် ကိစ္စ အပြင် ကုန်သွယ်ရေး လွတ်လပ်ခွင့်တို့ နှင့်ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသည်ဟု အန်ဝါက ပြောသည်။
“ကျနော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့ အချိန်မှာတော့ သူ (ထရမ့်) က မလေးရှားနိုင်ငံအပေါ် ကုန်သွယ်ခွန် ကောက်ခံမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ အဲဒီ ကုန်သွယ်ခွန် ကြေညာချက်ဟာ မလေးရှားနိုင်ငံရဲ့ စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ မဟုတ်ဘူးလို့လည်း သူက ကတိပေးခဲ့ပါတယ်” ဟု အန်ဝါက လွှတ်တော်တွင် ပြောကြားခဲ့သည်။
တစ်ချိန်က G-20 ခေါင်းဆောင်များကို တွေ့ရစဉ်
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည့် အစည်းအဝေးသည် အာဆီယံအဖွဲ့၏ အကြီးဆုံး အစည်းအဝေးများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာလိမ့်မည်ဟု ယူဆခံထားရသည်။
အမေရိကန်အပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အန္ဒိယနိုင်ငံများမှ ထိပ်သီးအရာရှိများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များလည်း တက်ရောက်ဖွယ်ရှိသည်။
ဇူလိုင်လ အစောပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၏ မလေးရှား ခရီးစဉ်အတွင်း ထရမ့်သည် အာဆီယံအစည်းအဝေးကို တက်ရောက်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြား ခဲ့သည်။
ထရမ့်သည် တောင်အာဖရိကတွင် ပြုလုပ်မည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့ပြီးနောက် အာဆီယံအစည်းအဝေးကို တက်မည်ဟု အတည်ပြုခဲ့ ခြင်းဖြစ်သည်။
Source: South China Morning Post