ထရမ့်၏ ခြိမ်းခြောက်မှုက ကန်-ရုရှား ဆွေးနွေးမှုကို မထိခိုက်
CNI International News
မော်စကို၊ ဇူလိုင် ၁၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်မည်ဟု ခြိမ်းခြောက် ခဲ့သော်လည်း ထိုခြိမ်းခြောက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် အသက်သွင်းရန် ရည်ရွယ်ထားသည့် အမေရိကန်-ရုရှား ဆွေးနွေးမှုများအား ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်း ကရင်မလင် နန်းတော်က ဇူလိုင် ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ဇူလိုင် ၁၄ ရက်က ၎င်း၏ အစီအစဉ်သစ် တစ်ခုကို ကြေညာခဲ့ပြီး ရုရှား အနေဖြင့် ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် မလုပ်ဆောင်ပါက ပိတ်ဆို့မှုများ နှင့်ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထို့ပြင် ယူကရိန်းကို ဒုံးကျည်များ ထပ်မံပေးပို့မည်ဟု ထရမ့်က ကတိပြုခဲ့သဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထရမ့်၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ထရမ့်၏ ပြောကြားချက်များသည် ရုရှား-အမေရိကန် ဆက်ဆံရေး ဆွေးနွေးမှုများကို အဆုံးသတ် စေနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းချိန်တွင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က "ဒါက အဆုံးသတ် မဟုတ်ဘူးလို့ ကျနော်တို့ ယူဆထားပါတယ်။ သဘောထား ကွဲလွဲမှုတွေကတော့ ရှိနေပါတယ်။ အဲဒီအထဲက တစ်ခုကတော့ ယူကရိန်းငြိမ်းချမ်းရေးကိစ္စပါ။ ကျန်တာတွေကတော့ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံ ရေး ကိစ္စတွေပါ" ဟု ဖြေကြားခဲ့သည်။
အမေရိကန်နှင့် ဆက်ဆံရေး မြှင့်တင်ရာတွင် သဘောထား ကွဲလွဲမှုများနှင့် ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
ထရမ့်သည် ဇန်နဝါရီလက သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် ရုရှားနှင့် အမေရိကန်ကြား ဆွေးနွေးမှုများ သည် တိုးတက်ခဲ့သည်ဟု ယူဆနိုင်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
သို့သော်လည်း မကြာသေးမီက ထရမ့်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မပြုလုပ်သေး သည့် ရုရှားသမ္မတ ပူတင် ( Vladimir Putin) ကို စိတ်မရှည်တော့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် အစောပိုင်းက ရုရှားနှင့် ယူကရိန်းသည် တူရကီတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး အကျဉ်းသားများနှင့် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် နှစ်နိုင်ငံစစ်သားများ၏ ရုပ်အလောင်းများကို လဲလှယ်ရန် သဘောတူညီချက် ရရှိခဲ့သည်။
သို့သော် တတိယအကြိမ်မြောက် ဆွေးနွေးမှုအတွက် နေ့ရက် အတိအကျ မသတ်မှတ်ရသေးဘဲ အပစ်အခတ်ရပ်စဲ ရေးအတွက် တစ်ဖက်၏ တောင်းဆိုချက်များကို တစ်ဖက်က လိုက်လျောခြင်း မရှိခဲ့သဖြင့် ဆွေးနွေးမှုများ ရပ်တန့်ခဲ့ရသည်။
Source: ရိုက်တာ