CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇
၃ နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ဆွေးနွေးပွဲများ ပြုလုပ်ရန် အမေရိကန်နှင့် ရုရှားအရာရှိများက လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီတွင် တွေ့ဆုံမည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံတွင် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) နှင့်တွေ့ဆုံခဲ့သည့် ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ယူကရိန်းသည် ဆော်ဒီတွင် ပြုလုပ်မည့် ဆွေးနွေးပွဲများအတွက် ဖိတ်ကြားခြင်းမခံရဘဲ ယူကရိန်းဘက်ကလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် မတိုင်ပင်ရသေးသည့် အချိန်၌ ရုရှားနှင့် ထိတွေ့ဆက်ဆံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်နဲ့ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက် ဝေါ့ဇ် (Mike Waltz) နှင့် အိမ်ဖြူတော်၏ အရှေ့အလယ်ပိုင်းရေးရာသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့သည် ဆော်ဒီသို့ သွားရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ် မိုက်ကယ် မက်ကူးလ် (Michael McCaul) က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့သော် မည်သည့်အချိန်တွင် ဆော်ဒီသို့ သွားမည်ဆိုခြင်းနှင့် ဆွေးနွေးပွဲများကို မည်သည့်အချိန်၌ ပြုလုပ်မည်ဆို သော အသေးစိတ် အချက်အလက်များကိုမူ မက်ကူးလ်က ပြောကြားခဲ့ခြင်းမရှိပေ။
ထို့ပြင် စစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ရရှိရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊ ရုရှားသမ္မတ ပူတင် (Vladimir Putin) ၊ ယူကရိန်းသမ္မတ ဇာလန်းစကီးတို့၏ အစည်းအဝေး ဖြစ်မြောက်စေရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု မြူးနစ်လုံခြုံရေးညီလာခံတွင် မက်ကူးလ်က ပြောကြား ခဲ့သည်။
ပူတင်နဲ့ထရမ့်ကို တွေ့ရစဉ်
ရူဘီယိုသည် ၎င်း၏ ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဆော်ဒီသို့ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ် စတင်သည့် ဖေဖော်ဝါရီ ၁၅ ရက်က အစ္စရေးသို့ ရောက်ရှိခဲ့သည်။
ရူဘီယိုသည် ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ထရမ့်၏ သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထရမ့်၏ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်ဖြစ်သည့် ကိတ်သ် ကဲလော့ (Keith Kellogg) ကမူ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ဥရောပသည် နေရာတစ်နေရာ ရလိမ်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ပြော ကြားခဲ့သည်။
ဥရောပခေါင်းဆောင်များကမူ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ၎င်းတို့ မပါဝင်ရသည့် အချက်ကို လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။
Source: Reuters