CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စတင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်က ကစထ(၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မည်ဖြစ်သလို TNLA ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုဂျား ဦးဆောင်မည်ဖြစ်သည်။

ထို့နောက် TNLA သည် ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုဂျားနှင့် မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်မည်ဖြစ်ကြောင်း TNLA ဘက်က ပြောသည်။

လက်ရှိမှာတော့ TNLA ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် တို့ကို သိမ်းပိုက်ထားသည်။