CNI News

၂၀၂၅ ခုနှစ်၊ မေလ ၆

မြန်မာပြည်လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲနေသည့် TNLA နှင့် မြန်မာပြည်တည်ငြိမ်ရေးကို လိုလားနေ သော တရုတ်တို့၏ မြန်မာပြည်အရေး ချဉ်းကပ်မှုသည် ကွဲပြားခြားနားနေမှုများ ရှိသည်ဟုဆိုရာတွင် ဘယ်လို ကွဲပြား နေလဲဆို၍ မေးခွန်းထုတ်လျက်ရှိနေသည်။

တရုတ်နှင့် TNLA ကြား မြန်မာ့နိုင်ငံရေး ချဉ်းကပ်မှု ကွာခြားသောကြောင့် အဖြေရှာသည့် အခြေအနေမှာလည်း ကွာခြားသွားကြောင်း TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပန်လက မေလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

လက်ရှိ အခင်းအကျင်းသည် မြန်မာ့နိုင်ငံရေး ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများတွင်သာ အဓိက ဆုံးဖြတ်ပိုင် ခွင့်ရှိသော်လည်း အိမ်နီးချင်းနိုင်ငံတို့နှင့် ကင်းကွာ၍မရကြောင်း၊ တရုတ်၏ ကြီးကြပ်ပေးမှုသည်လည်း အများကြီး အထောက်အကူပြုကြောင်း ၎င်းက ပြောသည်။

မြန်မာ့တပ်မတော် ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ TNLA ကိုယ်စားလှယ် ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျာကို တွေ့ရစဉ်

ဗိုလ်မှူးကြီး တားပန်လက “အမှန်တကယ်ကတော့ ကျနော်တို့ နိုင်ငံရေးဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံသားတွေ မှာပဲ အဓိက ဆုံးဖြတ်ပိုင်ခွင့်ကရှိပါတယ်။ သို့ပေမယ့်လည်း အိမ်နီးချင်းနဲ့ရော ကမ္ဘာ့လူထုနဲ့ရော ကင်းကွာလို့ မရ ပါဘူး။ အဲဒီလိုဖြစ်တဲ့ အနေအထားမျိုးမို့လို့ တရုတ်အစိုးရကနေ ပါဝင်ပြီးမှ အထောက်အပံ့ပြုပေးတာ၊ ဦးစီးပေး တာ၊ ကြီးကြပ်ပေးတာက အများကြီး အထောက်အကူ ပြုပါတယ်။ ဒီနေရာမှာတော့ ချဉ်းကပ်မှုတွေက ကွာခြား တော့ အဖြေရှာပုံကလည်း နည်းနည်းကွာသွားတဲ့ သဘောဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံ သားတွေရဲ့ ချဉ်းကပ်မှုပုံစံကကြတော့ ဒီမိုကရေစီအစိုးရကို စစ်တပ်ကနေမှ အာဏာသိမ်းလိုက်တယ်။ အာဏာ သိမ်းပြီးမှ လူထုကို မတရားသတ်ဖြတ်တယ်၊ အနိုင်ကျင့်တယ်၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တယ်။ အဲဒါကြောင့် မို့လို့ ကျနော်တို့က တပ်မတော်ကို ဖြုတ်ချပြီးမှ စကစကိုဖြုတ်ချပြီးမှ ကျနော်တို့ရဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲ လုပ်ရမယ်။ ဘယ်လိုပုံစံမျိုး ကျနော်တို့ နိုင်ငံသားတွေ ဘာတွေက ချဉ်းကပ်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းက ချဉ်းကပ်တာမျိုးကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒီနိုင်ငံ သူတို့ဘေးမှာရှိနေတဲ့နိုင်ငံက တည်ငြိမ်မှုရှိမနေဘူး။ တည်ငြိမ်မှု မရှိတဲ့အတွက် ဒါသူတို့ရဲ့နယ်စပ်မှာဆိုရင် ထိခိုက်မှုရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီနိုင်ငံက တည်ငြိမ်ဖို့ လိုအပ်တယ်ပေါ့လေ။ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုရရှိဖို့အတွက် ချဉ်းကပ်တာမျိုးဖြစ်တယ်။ အဲဒါကြောင့် မို့လို့ ချဉ်းကပ်တဲ့ ပုံစံမျိုးတွေကကွာတော့ အဖြေရှာပုံလည်း ကွာသွားတာမျိုးဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈-၂၉ ရက်က မြန်မာ့တပ်မတော်နှင့် TNLA ဘက်မှ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရဘဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့သည်။

မြန်မာ့တပ်မတော်ဘက်မှ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် အစရှိသော ဒေသများမှ ဆုတ်ခွာပေးရန် တောင်းဆိုသဖြင့် သဘောတူညီမှမရဘဲ အဆုံး သတ်ခဲ့ကြောင်း၊ သို့သော် လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် နှစ်ဖက် သဘောတူထားကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

TNLA တပ်ဖွဲ့အလံများ လွှင့်ထူထားစဉ်

လက်ရှိတွင် နှစ်ဖက်အကြား မေလကုန်အထိ အပစ်အခတ်ရပ်စဲထားကြသော်လည်း မည်သည့်အတိုင်းအတာ ကာလအထိ ထပ်မံရပ်စဲမည်ကို လာမည့်ဩဂုတ်လမှ ထပ်မံဆွေးနွေးရန်ရှိကြောင်း TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပန်လက မေလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

၎င်းက “မိုးကုတ်ပေးနိုင်မလား၊ ဟိုဟာပေးနိုင်မလား ဆိုတာမျိုးကတော့ လောလောဆယ် မရှိသေးပါဘူး။ ဘာလို့ လဲဆိုတော့ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့အသံလည်း သတိထားရမှာဖြစ်သလို ကျနော်တို့ တိုက်ပွဲအောင်မြင်အောင် ဒီနယ်မြေကနေမှ စစ်အာဏာရှင်တွေ ထွက်ခွာသွားအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လူထုတွေရဲ့အသံလည်း ကျနော်တို့ အလေးထားရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဟိုဟာပေးနိုင်မလား၊ ဒီဟာပေးနိုင် မလား ပုံစံမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ် ကျနော်တို့ဘက်က ရပ်တည်ချက်ကတော့ ရောက်တဲ့နေရာ ကနေရပ်၊ တိုက်ခိုက်မှုတွေရပ်၊ လူထုကို ပူးပေါင်းလုပ်ဆောင် သွားလာခွင့်ပေး အဲဒီ ၃ ချက်နဲ့ ရပ်တည်ထားရပါ တယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မြန်မာ့တပ်မတော်ကြား အပစ်ရပ်ဆွေးနွေး နိုင်ခဲ့သော်လည်း TNLA နှင့်ကတော့ ညှိနှိုင်းမှု အဆင်မပြေသေးဘဲ ဖြစ်နေသည်။

ထို့ပြင် TNLA အနေဖြင့် မူဆယ်၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွတ်ခိုင်၊ သိန္နီ၊ မန့်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုင်းငေါ့၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့် ဒေသများကို စုစည်း၍ ပလောင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ရည်မှန်း ထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။