CNI News

၂၀၂၅ ခုနှစ်၊ မေလ ၆

လက်ရှိ မြန်မာနိုင်ငံတွင် အာရက္ခတပ်တော်(AA)၏ စစ်ရေးရည်မှန်းချက်သည် မည်သို့ဦးတည်သွားနေလဲ ဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား အမျိုးမျိုးသုံးသပ်လျက်ရှိနေကြသည်။

ရခိုင်ဒေသ၏ ပြည်မအကျော် AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးရည်မှန်းချက်သည် ဧရာဝတီမြစ်၏ အနောက်ဘက်အခြမ်း တွင်ရှိသော ကာကွယ်ရေးပစ္စည်း စက်ရုံများဆီသို့ ဦးတည်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဧရာဝတီထိုးစစ်သည် ဟန်ပြဖြစ်မယ်၊ တကယ့်တကယ် မြေလတ်ပိုင်းဖြစ်တဲ့ တစ်နည်းအားဖြင့် တပ်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေရှိတဲ့ ဧရာဝတီမြစ်ရဲ့ အနောက်ခြမ်းပေါ့ဗျာ၊ မကွေး၊ မင်းဘူး ထိုးစစ် က ပိုများနိုင်တယ်၊ ဆိုတော့ လက်ရှိအနေအထားမှာ မကွေး၊ မင်းဘူးဘက်ကို ထိုးစစ်သည် အခုအတိုင်းအတာထိ တော့ ဒီဖက်က ပြန်လှန်ပြီးတော့ ရင်ဆိုင်နေတဲ့သဘော ဖြစ်တယ်ဗျ၊ ဆိုတော့ ဧရာဝတီမြစ်ကြီးက ဘယ်လိုမှ ရည်မှန်းချက်အနေနဲ့ သွားဖို့က မဖြစ်နိုင်ဘူးထင်တယ်၊ သူတို့ရဲ့ ဦးတည်ချက်က ရှေ့မ‌ရောက်နိုင်ဘူး၊ အဲဒါကြောင့် ဧရာဝတီသည် ဟန်ပြပဲဖြစ်မယ်၊ တကယ့်တကယ်ထိုးစစ်က သူတို့ရည်မှန်းနိုင်တာက တောင်ကုတ်၊ အမ်းရယ်ကို မဏ္ဍိုင်ပြုပြီးကာမှ အမ်းဒီဖက် စေတုတ္ထရာ၊ ငဖဲပေါ့ဗျာ၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်အခြမ်းမှာရှိတဲ့ ကာကွယ် ရေးပစ္စည်း စက်ရုံတွေဆီကို ဦးတည်နိုင်တယ်၊ ရခိုင်ဒေသရဲ့ ပြည်မအကျော် AA+PDF များရဲ့ ရည်မှန်းချက်ကို ပြော နိုင်တာပါ၊ ဆိုတော့ အခုဖြစ်နိုင်တာက ရှမ်း-မန်းဆိုတာ ပျက်သွားတော့ ကချင်ဘက်က ရှမ်း-မန်းရဲ့ အဆက်အနေနဲ့ လည်း သူတို့ရည်မှန်းပုံ ပေါက်ပါတယ်၊ ကချင်ဖက်ကလည်း ဗန်းမော်ဖက်ကိုလာတယ်၊ ဗန်းမော်ကနေ ဧရာဝတီ မြစ်ကို ဆုံမယ်ပေါ့ဗျာ၊ အဲဒါကြောင့် ဗန်းမော်သည် အဓိက ဖြစ်ဖို့များတယ်၊ အဓိကဖြစ်တဲ့ ဗန်းမော်ကို ဒီဖက်က တော်တော်လေး ရင်ဆိုင်ပြီးတော့ ပြန်လုပ်နေတဲ့ပုံပေါက်တယ်” ဟု ပြောသည်။

 ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-မုံရွာလမ်းနှင့် ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် မြန်မာ့တပ်မတော် နှင့် AA-PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့ပြင် ရခိုင်ရိုးမနှင့် မကွေးတိုင်းဒေသကြီးအား ဆက်သွယ်ထားသည့် အမ်း-ပဒါန်း လမ်းပေါ်တွင်လည်း AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

အလားတူ တရုတ်စီမံကိန်းများ အများအပြားရှိနေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို ချင်းပြည်နယ်အတွင်းမှာလည်း PDF များဖြင့် ပူးပေါင်း၍ တိုက်ခိုက်ပေးလျက်ရှိသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ထီးချိုင့်၊ ကောလင်း၊ အင်းတော်၊ ဗန်းမော် စသည့် တိုက်ပွဲများတွင် လည်း AA သည် KIA-PDF-ABSDF တို့ဖြင့် ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိသည်။

AA ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

AA အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် စသည့် ဒေသများအား ဝင်ရောက်တိုက်ခိုက်နေခြင်းသည် ၎င်းသိမ်းယူထားသည့် ရခိုင်ပြည်နယ်ရှိ ‌ဒေသများအား တန်ပြန်ထိုးစစ်များ မရောက်လာစေရန် လိုက်ထိန်းသည့် သဘောသာဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ကျနော် တွက်ချက်က ပဲခူးတို့၊ ဧရာဝတီတို့၊ မကွေးတို့ ဝင်နေတာက ရခိုင်လုံခြုံရေးအတွက်ပဲလို့ ကျနော် ယူဆတယ်၊ သူရပြီးသားရခိုင်ကို တန်ပြန်ထိုးစစ်တွေ လာမယ့်လမ်းပေါက်ကို လိုက်ထိန်းတဲ့ သဘောပေါ့၊ ဒီ ကပစ တွေဘာတွေ လျှောက်လုပ်မယ်ဆိုရင် သူ့ရဲ့စစ်အင်အား ဘယ်လောက်ရှိလဲတော့ ကျနော် မသိဘူးပေါ့၊ ဒါပေမယ့် နောက်ကြောင်း လုံပါ့မလားပေါ့ဗျာ၊ အခုက စစ်တွေလည်းတိုက်၊ ကျောက်ဖြူလည်း တိုက်ဆိုတော့ အဲဒါပဲ စဥ်းစား စရာတော့ရှိပါတယ်၊ သို့သော်လည်းပဲ သူနိုင်ငံတကာ အကူအညီတို့ သွယ်ဝိုက်တဲ့ နည်းနဲ့ပေါ့ဗျာ၊ နောက်ပြီးတော့ မဟာမိတ်အကူအညီတို့ ရှိရင်တော့လည်း မပြောတတ်ဘူး၊ စစ်ရေးရည်မှန်းချက် အကြီးကြီး ဖြစ်နိုင်တယ်၊ ဒါပေမယ့် အဲဒီလို မရှိဘူးဆိုရင်တော့ ရခိုင်ကြီးပဲ သပ်သပ်ဆိုရင်တော့ ရရှိပြီးသား ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ခြံစည်းရိုး ထွက်ကာတဲ့သဘောလို့ပဲ ယူဆတယ်၊ အဲဒီမှာ သွားပြီးလုပ်ထားတော့ ခံစစ်ပြင်နေရတယ်လေ၊ စစ်ကောင်စီဖက်က ခံစစ်တွေ ပြင်နေရတော့ အဲဒီရခိုင်ကို ပြန်ယူဖို့ စီမံချက်က ချလို့မလွယ်တော့ဘူးပေါ့ဗျာ သဘောကတော့ ဒီလိုပါ” ဟု ပြောသည်။ 

AA သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များရှိနေကြောင်း ပြောကြားထားသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ မြေပုံ စသည့် ဒေသများကို ထိန်းချုပ် ထားသည်။