CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ပြီးနောက် နိုင်ငံရေး အသိုင်း အဝိုင်းတွင် ငြိမ်းချမ်းရေးနှစ် ဖြစ်ခဲ့ပါသလား ဆွေးနွေးငြင်းခုံလျက်ရှိနေသည်။

တစ်နိုင်ငံလုံး တရားဥပဒေမရှိပဲ ခုခံတော်လှန်မှုများ ဖြစ်ပေါ်နေသည့်အတွက် ၂၀၂၂ ခုနှစ်က ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးသွားသည့် နှစ်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေ အတွင်း ရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

ဦးစိုင်းလိတ်က “အတိအကျ ပြောရရင်တော့ လုံးဝမဖြစ်ခဲ့ပါဘူးခင်ဗျ၊ ၂၀၂၂ ခုနှစ်ဟာ ကျနော်တို့ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း တစ်လျှောက်မှာ အဆိုးဝါးဆုံး ခုခံတော်လှန်အုံကြွမှုတွေ ဖြစ်ပေါ်တဲ့နှစ်လို့ ပြောလို့ ရမယ်၊ Rule of Law လို့ ပြောတဲ့ တရားဥပဒေစိုးမိုးရေး လုံးဝ မရှိဘဲနဲ့ ခုခံတော်လှန်မှုတွေကလည်း တပြည်လုံး အနှံ့ အုံကြွမှု ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးနဲ့ လုံးဝအလှမ်းဝေးသွားတဲ့ နှစ်လို့ ကျနော်သုံးသပ် ပါတယ် ခင်ဗျ” ဟု ပြောသည်။

နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) ၁၀ ဖွဲ့နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။

 PDF တပ်ဖွဲ့နဲ့ ဦးမန်း၀င်းခိုင်သန်းကိုတွေ့ရစဉ် 

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည့် ငြိမ်းချမ်းရေးနှစ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) များနှင့် ဖြစ်သည့် ပဋိပက္ခကိုဆိုလိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်း “ငြိမ်းချမ်းရေးရလား၊ မရလားက ခင်ဗျားတို့ မျက်မြင်ပဲလေ၊ ဒါပေမဲ့ သူအဲဒီလို ပြောတဲ့ဟာက သူ့စိတ် ထဲမှာ ရည်မှန်းပြီးပြောတာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခကို ရည်ရွယ်ပြီး တော့ ပြောတာပါ၊ NUG၊ PDF တွေနဲ့ ဖြစ်တဲ့ ပဋိပက္ခကိုတော့ သူက အဲဒါဟာ အကြမ်းဖက် လုပ်ရပ်တွေဖြစ် တယ်၊ အပြုတ်တိုက်ရမယ်လို့ သူက ပြောထားတာ ရှိသလို NUG၊ PDF တွေဖက်ကလည်း စစ်အစိုးရကို၊ စစ်တပ် ကို နိုင်ငံရေးကနေ ဖယ်ထုတ်ပစ်ရမယ်၊ စစ်တပ်ကို ဖြိုဖျက်ပြီးတော့ ပြည်သူ့တပ်မတော်အသစ်နဲ့ အစားထိုးရ မယ်ဆိုတဲ့ နောက်ဆုံး အဲဒီလို ပြောထားတာ တွေ့ရတယ်၊ ဒါကြောင့်မို့လို့ နှစ်ဖက် အပြုတ်တိုက်ရေးလမ်းစဉ်ကို ပျော်ပျော်ကြီး ဆက်လက် ချီတက်နေကြတာပေါ့ဗျာ၊ အခုကတော့” ဟု ပြောသည်။

တစ်နိုင်ငံလုံးအနှံ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်သည်ဟု ပြော၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ဦးသန်းစိုးနိုင်က “ဒီ ၂၀၂၂ ခုနှစ်အတွင်းမှာ ကျနော်တို့ EAO တွေ NUG ခေါင်းဆောင်မှုထားတဲ့ PDF တွေနဲ့ ထိတွေ့ တိုက်ပွဲက အကြိမ်ပေါင်း ၉၀၀၀ ကျော် ရှိပါတယ်။ မီးရှို့ဖျက်ဆီးမှုကလည်း အိမ်ခြေ ၄၀၀၀၀ ကျော်ရှိပါတယ်။ ဖမ်းဆီးထားတာကလည်း ၁၀၀၀၀ ကျော်ရှိပါတယ်၊ အဲဒီထဲမှာ ကျနော်တို့ သေဒဏ်ပေးထားတဲ့ လူလည်း ရာကျော် ရှိပါတယ်၊ အဲဒီလို အခြေအနေ ကြုံတွေ့နေရတဲ့ ဗမာပြည်မှာ ဘယ်လိုလုပ်ပြီးတော့ ငြိမ်းချမ်းရေး ဆိုတာ အောင်မြင်တဲ့ နှစ်လို့ ဘယ်လိုလုပ်ပြောမှာလဲ၊ သူငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေ ဆိုတာ လည်း စစ်ကောင်စီနဲ့ ဘယ်လိုမှ စစ်ရေးပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခမရှိတဲ့ အဖွဲ့ငယ်လေးတွေနဲ့ပဲ မဟုတ်ဘူးလား၊ အဲဒီတော့ စစ်ရေးပဋိပက္ခ မရှိဘဲနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတော့ သူတို့နဲ့က ဘာအဓိပ္ပာယ်မှ မရှိဘူး လေဗျာ၊ ငြိမ်းချမ်းရေးက ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူး။ သူတို့က ငြိမ်းချမ်းပြီးသားပဲ သူတို့နဲ့ တိုက်နေတာမှ မဟုတ်ဘဲနဲ့ တိုက်နေတဲ့ အဖွဲ့တွေကြတော့ အကြမ်းဖက်အဖွဲ့ဆိုပြီးတော့ ဆွေးနွေးဖို့ ငြင်းဆိုထားတဲ့ စစ်ကောင်စီ ဟာ ဒီနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တယ်လို့ ပြောရင်တော့ နိုင်ငံရေးအရတော့ အတော်ရီစရာ ကောင်းတဲ့ ပျက်လုံးလို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒေသ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။