CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂
၂၀၂၅ ခုနှစ်အတွင်း နစကသည် စစ်ရေးနှင့်နိုင်ငံရေးတွင် မည်သည့် အခင်းအကျင်းဘက်ကို ပို၍ အားသာလာနိုင်လဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်လျက်ရှိသည်။
ယခုအခြေအနေသည် နိုင်ငံရေးအရ အားသာသော်လည်း နိုင်ငံရေးနည်းလမ်း လုံးဝ အလုပ်မဖြစ်ပါက စစ်ရေး နည်းလမ်းဘက်သို့ သွားနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “ကျနော်တို့အမြင် သီးသန့်ပေါ့လေ၊ လောလောဆယ် အချက်အလက်အရတော့ ကြည့်မယ်ဆို ရင်တော့ နိုင်ငံရေးအရ ဖြေရှင်းဖို့ သူကပိုပြီးတော့ အားသန်နေတယ်၊ ဒါပေမယ့် အဲတာက ဖြေရှင်းနည်းက သူသွား ချင်တဲ့ နိုင်ငံရေးဆွေးနွေးမှု နည်းလမ်းပေါ့ အဲဒီအပိုင်းကို တကယ့် မြေပြင်မှာရှိနေတဲ့ EAO တွေကိုယ်တိုင် တချို့ ဆိုရင် ဒါအကြမ်းဖက် အဖွဲ့အစည်းတောင် ကြေညာထားတဲ့ အဖွဲ့တွေရှိတာကိုး၊ အဲဒီအဖွဲ့တွေက ခုနပြောတဲ့ နိုင်ငံရေးအရ လမ်းဖွင့်ပေးထားတဲ့ဟာကိုရော လက်ခံပါ့မလား၊ လမ်းဖွင့်ပေးထားတဲ့အတိုင်း လိုက်ပါပါ့မလား၊ ဒါကျတော့ ဒီချိန်မှာနည်းနည်း မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်၊ ဆိုတော့ အခုအခြေအနေကတော့ ပြောရရင်တော့ နိုင်ငံရေး အားသာတယ်ဆိုပေမယ့် နိုင်ငံရေးနည်းလမ်း လုံးဝ အလုပ်မဖြစ်ဘူးဆိုရင်တော့ စစ်ရေး နည်းလမ်းဘက်ကို သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ လောလောဆယ်ကတော့ နိုင်ငံရေး အားသာတဲ့ နည်းလမ်းနဲ့ သွားလိမ့်မယ်၊ သို့သော် အဖြေမထွက်ဘူးဆိုရင်တော့ တစ်ခုခု အပြောင်းအလဲ ရှိနိုင်တယ် ဒီလိုပဲ အကြမ်းဖျင်း သုံးသပ်လို့ ရပါလိမ့်မယ်” ဟု ပြောသည်။
နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
နစကအနေဖြင့် ရွေးကောက်ပွဲအား ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲ စတင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုက်တွန်းခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး မှုများအား ဖိတ်ခေါ် ကြိုဆိုကြောင်း ပြောကြားထားသည်။
၂၀၂၅ တွင် နစကအနေဖြင့် နိုင်ငံရေးနှင့်စစ်ရေးအား တစ်ပြိုင်ထဲသွားနေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “အခြေခံဥပဒေအရ လွှတ်တော်အစိုးရ ပေါ်ထွန်းအောင် သူလုပ်မှာပေါ့၊ သူ့ရဲ့ မူလတာဝန် ဖြစ်တဲ့ စစ်ရေးအရ လုပ်ရမယ့်ဟာတွေ သူ့ဘက်က ပိုအာရုံစူးစိုက်လာမှာပေါ့၊ အဲဒီ ၂ ခုကို ပြိုင်တူသွားလို့ ရအောင် သူ့ဘက်က ကြိုးစားနိုင်တယ်၊ အကြမ်းဖျင်း ရွေးကောက်ပွဲဟာ မြန်မြန်သထက်လည်း ပေါ်ပေါက်လာနိုင်တယ်၊ မေလ နောက်ပိုင်းလောက်မှာ မေလအတွင်းလောက်မှာလည်း ပေါ်ထွန်းလာနိုင်တယ်၊ သံခင်းတမန်ခင်းအားကို ယူနိုင်တယ်၊ ၂၀၂၄ ဖေဖော်ဝါရီလလောက်က စပြီးတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာတယ်၊ နောက် ရာထူးအပြောင်းအလဲတွေ၊ တာဝန်ပေးတာတွေ လုပ်တာပေါ့၊ အဲတော့ လေတပ်၊ ရေတပ်ကို အလွန်တရာ ကြီးကြီး မားမား တည်ဆောက်နေတယ်၊ အဲဒီဥစ္စာ ၃ ခု သူ့ဘက်က တစ်ပြိုင်ထဲ ၂၀၂၃ အောက်တိုဘာ ၂၇ နောက်ပိုင်း ကစပြီး ဒီအထိသွားနေတာပေါ့၊ ကြည့်ရတာ စနစ်တကျ သွားနေတဲ့ပုံပေါက်တယ်၊ အဲတော့ ၂၀၂၅ သည် ကြည်း တပ်ရယ်၊ အင်အား တိုးချဲ့နေတဲ့ ရေတပ်၊ လေတပ်ရဲ့အားကို သုံးမှာပေါ့ဗျာ၊ အဲတော့ အခုခံစစ် အနေအထားကနေ ထိုးစစ်ပုံစံလေးတွေ စတွေ့ရတာပေါ့၊ အဲတော့ နိုင်ငံရေးနဲ့စစ်ရေးကို သူ့ဘက်က တစ်ပြိုင်ထဲ သွားတယ်ဆိုတဲ့ပုံ ပေါက်တာပေါ့” ဟု ပြောသည်။
AA-TNLA-MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်များ အနေဖြင့် လက်နက်စွန့်ကြရန်၊ လက်နက်ကိုင် တိုက်ခိုက်ရေးနည်းဖြင့် မိမိဆန္ဒကို တောင်းဆိုခြင်းအား လိုက်လျောမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲဝင်၍ လွှတ်တော်အတွင်းကနေ မိမိဆန္ဒကို တရားဥပဒေအရ တောင်းဆိုကြရန် ပြောကြား ထားသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA)တို့ကလည်း တရုတ် ၏ စေ့စပ်ညှိနှိုင်းမှုအရ မြန်မာ့တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။
သို့သော် ယခုအချိန်ထိ တွေ့ဆုံဆွေးနွေးမှု မပေါ်ပေါက်သေးသည့်အပြင် ရခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်နေသည့် ဒေသများတွင် မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်(AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန် လျက်ရှိ နေသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် မြို့နယ် ၉၀ ကျော် အပါအဝင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) နှင့် စစ်စခန်းပေါင်း ရာချီလက်လွှတ်ထားရသည်။