CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သီးသန့်လုပ်ဆောင်မည့် ဝန်ကြီးဌာနတစ်ခု လိုအပ်ကြောင်း နိုင်ငံရေး သမားများနှင့် ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။ 

အဆိုပါ ဝန်ကြီးဌာနမှာ တခြားသော ကဏ္ဍများကို ဆောင်ရွက်ရန် မလိုဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာ တစိုက် မတ်မတ် လုပ်ဆောင်ရမည်ဟုလည်း အကြံပြုကြသည်။

လက်ရှိ နစကလက်ထက်တွင် ၎င်းကဲ့သို့ ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရန် မဖြစ်နိုင်ကြောင်း၊ ၆ လတစ်ကြိမ် သက်တမ်းတိုး၍ သွားနေသည့် လမ်းကြောင်းအရ အခက်အခဲ ရှိနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “MPC တုန်းကလည်း ဝန်ကြီးဌာနမရှိဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာတော့ ဝန်ကြီး ဌာန လိုတယ်၊ ဘာကြောင့်လဲဆို‌တော့ တာဝန်ပေးတဲ့လူတွေက ဒေါက်တာတင်မျိုးဝင်းတို့ ဘာတို့က လုပ်နည်းလုပ် ဟန် အားနည်းတဲ့အခါကြတော့ ကျနော်တို့က အကြံပေးတယ်၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ ဘူး။ ပယ်ချတာပေါ့၊ ပယ်ချတဲ့အတွက် အခု နောက်ထပ် အပြောင်းအလဲ‌တွေ ဖြစ်လည်းပဲ ဝန်ကြီးဌာန မရှိတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လမ်းစပြတ်သွားသလို ဖြစ်သွားတာပေါ့၊ အဲဒီတုန်းက ကျနော်တို့ အကြံပေးတဲ့အတိုင်း ဝန်ကြီးဌာန ဒေါ်စုက ထားခဲ့မယ်ဆိုရင် နောက်တက်မယ့် ဘယ်သူပဲတက်လာ၊ တက်လာ ဝန်ကြီးဌာန ရှိနေရင် အခြေခံ အုတ်မြစ်ခိုင်တာပေါ့၊ အဲဒီလိုတော့ ရှိပါတယ်။ သူတို့က (နစက) ၆ လ၊ ၆ လ သက်တမ်းတိုးနေတဲ့ လိုင်းထဲ မှာရှိတော့ သူတို့ကတော့ ကြားကာလ ပုံစံပဲဖြစ်မယ်ဗျ၊ ကြားကာလ ပုံစံပဲ ဖြစ်နေတော့ ဝန်ကြီးဌာန ထားလောက် အောင်လည်း အခြေအနေ မပေးဘူးလို့ ကျနော်ထင်တယ်၊ နောက်တစ်ခုကလည်း ဝန်ကြီးဌာန ထပ်တိုးဖို့ မပြောနဲ့ ရှိတဲ့ ဝန်ကြီးဌာနတွေ ဘယ်လောက် အလုပ်ဖြစ်လဲဆိုတာ ကြည့်တော့ နည်းနည်းတော့ ကမောက်ကမ ဖြစ်ချင် တာတွေ တွေ့နေတော့ အခုအချိန်မှာတော့ ထားလို့တော့ နည်းနည်းခက်မယ်လို့ ထင်တယ်” ဟု ပြောသည်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို တွေ့ရစဉ်

လက်ရှိတွင် နစကသည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ(NSPWC)နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ကို ဖွဲ့စည်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လျက်ရှိသည်။

သို့သော် NSPNC ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုတည်းကိုသာ အာရုံစိုက် လုပ်ဆောင်ရခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးရာထူး အပါအဝင် နစက အဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးဆိုသော တာဝန်များကိုလည်း ထမ်းဆောင်နေရသူဖြစ်သည်။ 

ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်မည့် ဝန်ကြီးဌာန တစ်ခုရှိနေမည်ဆိုပါက ပို၍ သင့်တော်မည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟုတ်ကဲ့ ကျနော်လည်း ထောက်ခံပါတယ်။ လိုအပ်တယ်လို့လည်း မြင်ပါတယ်။ အဓိက ဦးစားပေးပြီးတော့ မှ စောက်ချပြီးတော့မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့ တွေ့ဆုံညှိနှိုင်း စေ့စပ်ဆွေးနွေးရေး ကိစ္စဟာ အလွန်တရာ အရေးကြီးတယ်၊ ပြင်းထန်ကြီးမားတဲ့ ပဋိပက္ခကို ဒီလိုစေ့စပ်ညှိနှိုင်း တိုင်ပင်ပြီးတော့မှ ကျော်လွှားနိုင်မယ်လို့ အလေးအနက် ယုံကြည်တဲ့အတွက် ဒီကိစ္စကို ဦးစားပေးပြီးတော့ တစိုက်မတ်မတ် အာရုံ စူးစိုက်ပြီးတော့ နိုင်ငံရေးအတွေးအခေါ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတစ်ခု ရှိနေရင် ပိုပြီးတော့ သင့်တော်မယ်လို့ အလေးအနက် ယုံကြည်ပါတယ်ခင်ဗျ” ဟု ပြောသည်။

NCA ထိုး ၇ ဖွဲ့နဲ့ NSPNC ဆွေးနွေးစဉ်

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး မည်သည့်လမ်းကြောင်းဖြင့် ဖော်ဆောင်မလဲဆိုသည့် အပေါ်တွင် မူတည်ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မိုင်းအုဏ်းခိုင်က “လောလောဆယ် တွေ့ဆုံညှိနှိုင်း အဖြေရှာမှု နည်းလမ်းကို ဘယ်လို နည်းလမ်းနဲ့ သွားကြမလဲ၊ ဘယ်လို လမ်းကြောင်းကို ရှာကြမလဲ၊ ဝန်ကြီးဌာနဖွဲ့သော်လည်းပဲ ကျန်တဲ့အဖွဲ့ သဘောထား ဘယ်လို ရှိမလဲ၊ ဘယ်လို လမ်းကြောင်းနဲ့ ဖော်ဆောင်မလဲဆိုတဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ လမ်းကြောင်းက လုပ်ထားရမှာ၊ အဲဒါမှ သာလျှင် ကျနော်တို့ ဘယ်လမ်းကြောင်းကို ရွေးကြမလဲ။ ဌာနတစ်ခုဖွဲ့ပြီးတော့မှ ဆောင်ရွက်သွားမလား။ အဖွဲ့အစည်း တစ်ခုအနေနဲ့ ဖွဲ့စည်းပြီးမှ သွားကြမလား စတဲ့လမ်းကြောင်းက ရမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့ အပြင် NCA မထိုးရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ “ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တို့နှင့် နစကသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။