CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇
လက်နက်ကိုင် လမ်းစဉ်ကိုစွန့်၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဘယ်လောက်ပြောပြော လက်နက်စွန့်ခိုင်းနေ သရွေ့ နိုင်ငံရေးဆွေးနွေးမှုများ အောင်မြင်မည်မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြ ကြသည်။
လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်း ပေးသွားမည် မဟုတ်ကြောင်း၊ လက်နက် ကိုင်လမ်းစဉ်ကို စွန့်လွတ်၍ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလျက်ရှိနေသည်။
နစကဥက္ကဋ္ဌသည် တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်စွန့်၊ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ခိုင်းသည့် သဘောထားဖြစ်ကြောင်း၊ ထိုသို့ လက်နက်စွန့်ခိုင်းနေသရွေ့ နိုင်ငံရေးဆွေးနွေးမှုများ အောင်မြင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “သူပြောနေတဲ့ နိုင်ငံရေးအရ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ ရှင်းနေတာပဲ။ သူ့သဘော အဓိပ္ပါယ်ကတော့ နိုင်ငံရေးအရ ဆွေးနွေးမယ်၊ ဒါပေမယ့် လက်နက်ကိုင် ဖိအားပေးမှုတွေတော့ မလုပ် ဘူး။ လက်နက်ကိုင် ဖိအားပေးမှုတွေ လုပ်လို့ကတော့ တပ်မတော်ကတော့ အသင့်ရှိတယ်ပေါ့။ နိုင်ငံရေးအရ ဆွေးနွေးကြမယ်ဆိုရင်တော့ သူထည့်မပြောသွားတဲ့ ကိစ္စတစ်ခုရှိတာပေါ့။ လက်နက်စွန့်၊ ပါတီထောင် ရွေးကောက်ပွဲဝင်ဆိုတဲ့ လမ်းကြောင်းပေါ့။ အဲဒီလမ်းကြောင်းကို သူဖွင့်မပြောဘဲနဲ့ နိုင်ငံရေးအရ ဆွေးနွေးကြ ရအောင်လို့ ပြောနေတာပဲလေ။ အဲဒါရဲ့အဓိပ္ပါယ် အတွင်းသဘောက ခုနကပြောတဲ့အတိုင်းပဲ။ သူ့ကိုတော့ လက်နက်ကိုင်ပြီး ဖိအားပေးလို့ မရဘူးပေါ့။ သူကတော့ ပေးမယ်ပေါ့။ ဘာကြောင့်ဆို သူက တပ်မတော်ကြီး ကိုင်ထားတဲ့သူ။ အဲဒီတော့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေက ဘယ်လိုလုပ်ပြီး အောင်မြင်မှာလဲဆိုတာ စဉ်းစားလို့ မရဘူး။ ဒါကြောင့် သူ့ရဲ့နိုင်ငံရေး ဆွေးနွေးပွဲတွေက အောင်မြင်မှာ မဟုတ်ဘူးလို့ပြောတာ အဲဒါပါ” ဟု ပြောသည်။
လက်နက်ကိုင် ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် သွားကြရန် လည်း နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။
တပ်မတော်သည်လည်း နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခဲ့ခြင်း မဟုတ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ပြောဆိုခြင်းသည် လက်တွေ့မကျကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
AA ရဲဘော်ကို တွေ့ရစဉ်
၎င်းက “သိပ်သေချာတာက သူတို့မှာ အခုအချိန်အထိ တွေ့ဆုံဆွေးနွေးမှု ဆုံးဖြတ်မှုမရှိသေးဘူး။ အဲဒါတစ်အချက်။ နှစ်အချက်က သူတို့နောက်ဆုတ်ဖို့လည်း အစီအစဉ်မရှိဘူး။ သူတို့ဆက်သွားမှာပဲ။ ဆက်သွားဖို့အတွက် သူတို့ အတွက် တရားဝင်မှုရအောင် ကြိုးစားနေတာပဲ။ အဲဒီအတွက် ဟိုဟာတစ်မျိုးပြောလိုက်၊ ဒီဟာတစ်မျိုး ပြောလိုက် ပြောနေမှာပဲ။ လောလောဆယ်က သူတို့ထွက်ပေါက်က ရွေးကောက်ပွဲလို့ ဟိုဒင်းပြုပုံရတယ်။ ခင်ဗျားတို့ရော နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့လားလို့ ပြန်မေးလိုက်ရုံပဲ။ သူတို့က ဘာမဆို ထစ်ခနဲဆို စစ်တပ်နဲ့ အာဏာသိမ်း လက်နက်ကိုင်သုံးပြီး သူများကြတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပါဆိုတာ ဟုတ်မှ မဟုတ် နိုင်တာကြီး။ သူတစ်နေ့တစ်မျိုး အမျိုးမျိုးပြောနေတာပဲ။ ရွေးကောက်ပွဲလုပ်လည်း သူတို့မကြိုက်ရင် ပြန် အာဏာသိမ်းမှာပဲ”ဟု ပြောသည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)နှင့် တရုတ်တို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသလို နစက ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ်များမှ ကိုယ်စားလှယ်များလည်း တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။
သို့သော် ယနေ့အချိန်ထိ တစ်စုံတစ်ရာ တိကျခိုင်မာသော သဘောတူညီချက်များကို ရရှိခြင်းမရှိသေးဘဲ နှစ်ဖက် စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သည်။