CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇

ကိုးကန့်တပ်ဖွဲ့နှင့် အာရက္ခတပ်တော်တို့သည် မြန်မာ့တပ်မတော်၏ တိုင်းစစ်ဌာနချုပ်များကို တိုက်ခိုက်သိမ်းပိုက် ထားနိုင်သည့်အတွက် TNLA ကလည်း ပြင်ဦးလွင်ကို တိုက်ခိုက် သိမ်းပိုက်ချင်ပုံရကြောင်း တရုတ်-မြန်မာအရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

တခြားတစ်ဖက်တွင် တရုတ်နှင့် နစကတို့သည် TNLA နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ချင်သော်လည်း TNLA ဘက် မှ အချိန်ဆွဲနေသည့် အနေအထားဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာလှကျော်ဇောက “အခုက ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ TNLA က ပြင်ဦးလွင်တို့ ဘာတို့၊ MNDAA ကလည်း စစ်တိုင်းကြီး တစ်ခုကို ရအောင်တိုက်လိုက်တာကို။ AA ကလည်း တိုက်လိုက်တော့ သူလည်း အားကျမခံ တိုက်ချင်တယ်ထင်တယ်။ ကျမသိတယ် ပြင်ဦးလွင်က တော်တော်အခြေအနေ မကောင်းဘူး။ TNLA က အဲဒါကို တိုက်ချင်တဲ့ လက္ခဏာရှိတယ်။ အဲဒါကြောင့် အချိန်ဆွဲတာ။ စကစ-ကလည်း ပြင်ဦးလွင်ကို ထိန်းနိုင် မယ်မထင်ဘူး။ ဒါကြောင့် မြန်မြန် အပစ်ခတ်ရပ်စဲချင်ပုံရတယ်။ အဲဒီ ၂ ခု ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ TNLA က အချိန်နည်းနည်း ဆွဲနေတယ်လို့ ကြားတယ်”ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

TNLA သည်လည်း တရုတ်၏ ဖိအားကို မလွန်ဆန်နိုင်သဖြင့် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ရမည်ဖြစ်ကြောင်း၊ သို့သော် မြန်မာ့တပ်မတော်ဘက်မှ TNLA ထိန်းချုပ်ဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ပြင် တအာင်းဒေသ တော်လှန်ရေးအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုများဖြင့် လက်တွဲပူးပေါင်းပြီး ဆက်လက် ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။

မြန်မာ့တပ်မတော် အနေဖြင့် လေကြောင်းထိုးစစ်များ ဆက်လက် အသုံးပြုနေဦးမည်ဆိုပါ TNLA ၏ စစ်ရေးအရ ပါဝင်တိုက်ခိုက်မှုသည် ပြင်ဦးလွင်အထိ ပါနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

ဦးသန်းစိုးနိုင်က “စစ်ရေးအရ ပါဝင်တိုက်ခိုက်မှုတော့ စစ်ကောင်စီက လေကြောင်းထိုးစစ်တွေ သုံးနေရင်တော့ ပြင်ဦးလွင်အထိ ပါနိုင်ပါတယ်။ ရှမ်း-မန်း စစ်ဆင်ရေးလောက်အထိတော့ ပါနိုင်တယ်ပေါ့။ ရှမ်း-မန်းစစ်ဆင်ရေး နောက်ပိုင်းမှာတော့ သူတို့အနေနဲ့ တရုတ်ဖိအားကြောင့် ဘာပဲဖြစ်ဖြစ် စစ်ရေးအရ ပါဝင်ပတ်သက်မှု လျော့သွားနိုင် ပါတယ်။ ဒါပေမယ့် စီးပွား‌ရေးအရ ဆက်နွယ်မှုတွေက ပိုများလာနိုင်ပါတယ်။ အထူးသဖြင့်တော့ မူဆယ်-မန္တလေး လမ်းကြောင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်ရေးအတွက် တရုတ်ကလည်း လုပ်ချင်နေတာကို။ အဲဒီ ညှိနှိုင်းမှုတွေက အဲဒီဘက်ကို ဦးတည်သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

TNLA သည် ပြင်ဦးလွင်မြို့အနီးက တောင်ခမ်းကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်လျက်ရှိသော်လည်း ယနေ့ အချိန်ထိ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့(MNDAA-TNLA-AA)ထဲမှ တရုတ်ဖိအားဖြင့် သီးခြားဆွေးနွေးပွဲ လုပ်ခဲ့သည့် နစကနှင့် ကိုးကန့်တပ်တို့အကြား၌ ယာယီအပစ်ရပ်စဲရေး သဘောတူညီခဲ့ကြကြောင်း နှစ်ဖက်အဖွဲ့အစည်းမှ မထုတ်ပြန်သော်လည်း တရုတ်အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုထားခဲ့သည်။

ထို့ကြောင့် မကြာခင်တွင် TNLA, AA တို့နှင့်လည်း နစကတို့ တွေ့ဆုံလာနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများ ရှိနေကြသည်။