CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇

မြန်မာ့နိုင်ငံရေးပြဿနာအား ပြည်တွင်းမှာပင် ဖြေရှင်း၍ရကြောင်း ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီး က CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ များ၏ အလုပ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃၊ ၂၄ ရက်နေ့များတွင် နေပြည်တော်ရှိ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးက ရန်ကုန်မြို့ရှိ သူ၏ ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကိုကိုကြီးက “ကျနော်တို့ လေ့လာမှုအရတော့ နိုင်ငံရေးပြဿနာဟာ ပြည်တွင်းမှာပဲ ဖြေရှင်းလို့ရတယ်၊ နောက်ဆုံး ကျနော်တို့ အနီးဆုံးပြောရရင် တောင်အာဖရိက ANC ရဲ့ ရုံးခွဲတွေက တစ်ကမ္ဘာလုံးမှာရှိတယ်၊ သို့သော် ဖြေရှင်းတာသည် နယ်လ်ဆင်မင်ဒဲလားလို လူမျိုး၊ ပြည်တွင်းမှာ အကျဥ်းကျခံ ထောင်ကျခံပြီးတော့ ရုန်းကန် လှုပ်ရှားတဲ့ သူတွေကပဲ အဆုံးအဖြတ်ကို ပေးတယ်၊ အဲတာက နိုင်ငံတကာဖြစ်စဥ်ပဲ၊ ဗမာပြည်နိုင်ငံရေး ပြဿနာ ကို ဝါရှင်တန်ဒီစီကနေ ဖြေရှင်းလို့မရဘူး၊ ပါရီကနေ ဖြေရှင်းလို့မရဘူး၊ ဒူဝါလရှီးလက ပြည်တွင်း ပြန်လာကြပါ ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ နိုင်ငံရေးအဆုံးအဖြတ်က ပြည်တွင်းမှာ ရှိတယ်လို့ဆိုလိုတာ၊ အဲတော့ ကျနော် တို့ ပြည်တွင်းနိုင်ငံ‌ရေး အင်အားစုတွေကသာလျှင် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တယ်၊ ကျန်တဲ့သူတွေက Pressure ဖိအားပေးတဲ့ Mentalism မျိုး အစရှိသဖြင့် သံတမန်‌ရေး၊ စီးပွားရေး၊ ကန့်ကွက်ပါ၊ ရှုတ်ချပါ၊ သူတို့ကို ပိတ်ဆို့ပါ ဆိုတာမျိုးလောက်ပဲ လုပ်နိုင်တယ်၊ လက်တွေ့နိုင်ငံရေး ဖြေရှင်းမှုက ပြည်တွင်းမှာပဲရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

NSPNC နှင့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးကြစဉ်

အစိုးရအဖွဲ့ဝန်ကြီးများ အနေဖြင့် ပြည်တွင်းတွင် အင်အားပြန်လည်တည်ဆောက်ရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

NSPNC နှင့် နိုင်ငံရေးပါတီများ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ခြင်း ကိစ္စရပ်များ အပါအဝင် ဆွေးနွေး သဘောတူညီချက် ၄၃ ချက်အား လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များအနက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ထောင်သည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် သဘောတူဆုံးဖြတ်နိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ဒီမိုကရေစီတွင် အပြန်အလှန် ထိန်းကြောင်းမှုသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့အား သမာသမတ်ကျကျ လွတ်လပ်စွာ ဖွဲ့စည်းရပ်တည်နိုင်ရေးကိုလည်း ဆွေးနွေးသဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်လမ်းကြောင်းပေါ်တွင် ခိုင်မာသည့် ပါတီများအား ပြည်သူများအနေဖြင့် ထောက်ခံ အား‌ပေးရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

 နိုင်ငံရေးပါတီ အလုပ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ကို တွေ့ရစဉ်

ဦးကိုကိုကြီးက “ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်တွင်းနိုင်ငံ‌ရေး အားကောင်းလာ‌အောင် ပြည်သူတွေရော အားလုံး က အားပေးထောက်ခံမှ ဒီမိုကရေစီ အင်အားစု အားကောင်းလာမှာ၊ နိုင်ငံ‌ရေးပါတီ အင်အားစု အထဲမှာလည်း အယူအဆ အမျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့ ဖွဲ့စည်းထားကြတာ၊ မှတ်ပုံတင်ထားကြတာ၊ အဲတော့ ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်း၊ ဖက်ဒရယ်လမ်းကြောင်းပေါ်မှာ ခိုင်မာတဲ့ ပါတီတွေ၊ ပြည်သူတွေက ထောက်ခံအားပေးဖို့ လိုတယ်၊ သဘောထားကွဲလွဲမှု ဆိုတာကတော့ ရှိမှာပေါ့ဗျာ၊ တစ်စုတစ်ဖွဲ့ချင်း၊ တစ်ယောက်ချင်း၊ သို့သော် ကျနော် တို့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးကို ယုံယုံကြည်ကြည်နဲ့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုရင်တော့ ပြည်သူတွေဘက် ကလည်း ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးပေါ်မှာ တစိုက်မတ်မတ် ဆောင်ရွက်တဲ့ ပါတီတွေကို ထောက်ခံအားပေးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်များ အနေဖြင့် လက်နက်စွန့်ကြရန်၊ လက်နက်ကိုင် တိုက်ခိုက်ရေးနည်းဖြင့် မိမိဆန္ဒကို တောင်းဆိုခြင်းအား လိုက်လျောမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲဝင်၍ လွှတ်တော်အတွင်းကနေ မိမိဆန္ဒကို တရားဥပဒေအရ တောင်းဆိုကြရန် ပြောကြား
ထားသည်။

မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ အား မဖြစ်မနေ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။