CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အုပ်ချုပ်မှုများတွင် ဗဟိုအစိုးရမှ အဓိကချုပ်ကိုင်ကာ အာဏာ ပြန်ခွဲဝေ ပေးသည့်စနစ်မျိုးဖြစ်၍ ထိုစနစ်သည် ဖက်ဒရယ်ကို ဆန့်ကျင်နေကြောင်း မွန်နိုင်ငံ‌ရေးသမားဟောင်း ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အဓိကအချက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အား မိမိ အစီအစဉ်ဖြင့် ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ နိုင်ငံတော်သမ္မတ၊ ဗဟိုအစိုးရမှ ရွေးချယ်သည့် စနစ် မျိုးကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအောင်နိုင်ဦးက “နောက်တစ်ချက်က ဥပဒေပြဋ္ဌာန်း ပိုင်ခွင့်ဆိုတာ ဥပမာအားဖြင့် ပညာရေး၊ ကျန်းမာရေး တို့ဆို အများကြီး နေပြည်တော်ကပဲ ယူထားတာလေ။ ဗဟိုကပဲ ယူထားတဲ့ စနစ်။ အဲဒီအပြင်ကို ကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့်ရှိရမယ့်၊ ရှိသင့်တဲ့ တိုင်းရင်းသားစာပေ ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့မရဘူးလေ။ ပြီးတဲ့အခါကြရင် လည်း တခြား လျှပ်စစ်ထုတ်လုပ်မှုတွေ၊ ကုန်ကူးသန်းရောင်းဝယ်မှုတွေ အဲဒါတွေအများကြီး ပြည်နယ်က လုပ်ပိုင် ခွင့် မရှိသေးဘူး။ ဒါတွေအကုန်လုံးက ပြည်ထောင်စုပဲ နို့သက်ခံစို့ပြီး နေနေရတဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့။ ပြောရရင် တော့ ဗဟိုက အများကြီး ယူထားတယ်ပေါ့။ ဆိုတော့ ဒါက ဖက်ဒရယ်ရဲ့ အဟန့်အတားပဲလေ။ အဲဒါမျိုးကိုတော့ ပြန်ပြင်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ငွေရေးကြေးရေး ခွဲဝေမှုပေါ့။ ဘဏ္ဍာငွေနဲ့ သယံဇာတ ခွဲဝေမှု ဒါလည်းလို တယ်။ များသောအားဖြင့်က ရတဲ့အခွန်အကောက်တွေ အကုန်လုံးကို ပြည်ထောင်စုဆီပဲ ပို့ရတာလေ။ ပြည်ထောင် စု ကနေပြီးမှ ခွဲဝေပြီးတော့မှ ဘယ်တိုင်းဒေသကြီးက ဘယ်လောက်ပေး၊ တိုင်းဒေသကြီး ဘယ်ပြည်နယ်ကို ဘယ် လောက် ထောက်ပံ့ပေးရမယ်ဆိုတဲ့ အပေါ်ကနေမှ ပြန်စီးဆင်းတဲ့ ပုံစံမျိုးဖြစ်တယ်။ ပြောရရင်တော့ ဒါက ပြည်ထောင်စု ဗဟိုအစိုးရကပဲ အဓိက ချုပ်ကိုင်ပြီးတော့မှ အာဏာကို ပြန်ခွဲဝေပေးတဲ့ စနစ်မျိုး ဖြစ်တယ်ဆိုတာ က ဖက်ဒရယ်ရဲ့  ဆန့်ကျင်ဘက်လို အများကြီး ဖြစ်နေသေးတယ်။ အဲဒါတွေက ပြန်ပြင်ဖို့ လိုဦးမှာပေါ့” ဟု ပြောသည်။

တိုင်းရင်းသားမျိုးနွယ်စုများကို တွေ့ရစဉ်

ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆိုသည်မှာ တိုင်းရင်းသား လူမျိုးစုများနှင့် တိုင်းရင်းသား ပြည်သူ့ကိုယ်စားလှယ်များ အတူတကွ စုပေါင်းဖွဲ့စည်းသည့် နိုင်ငံရေးအုပ်ချုပ်ပုံ နည်းစနစ်တစ်မျိုး ဖြစ်သည်။ 

ဖက်ဒရယ်စနစ်မှာ အစိုးရအဆင့်ဆင့် အသီးသီးအကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်သည်။ 

ထိုသို့ ခွဲဝေရာတွင် ဖက်ဒရယ်နိုင်ငံ၌ ပါဝင်သည့် နယ်မြေဒေသများ (တိုင်းဒေသကြီး/ ပြည်နယ်များ) အနေဖြင့် အချို့သော မူဝါဒနယ်ပယ်များတွင် ကိုယ်ပိုင် ဆုံးဖြတ်ဆောင်ရွက်ခွင့် အများအပြားရရှိရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အာမခံချက် ပေးထားပြီး အခြား မူဝါဒနယ်ပယ်များတွင်မူ သဘောတူညီထားသော မူများနှင့်အညီ လုပ်ပိုင်ခွင့်အာဏာကို အတူတကွကျင့်သုံးရန် စီမံထားခြင်းဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်စနစ်သည် တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် တစ်စိတ်တစ်ဒေသ အတူတကွ ပူးပေါင်း အုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားတာကို ဆိုလိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို တွေ့ရစဉ်

တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ၎င်းတို့ ပြည်နယ်များတွင် အားကောင်းစွာဖြင့် အပြတ်အသတ် မဲအနိုင်ရခဲ့ သည်ရှိသော် ပြည်နယ်အစိုးရအဖွဲ့ကို ဗဟိုမှ ရွေးချယ်ဖွဲ့စည်းခြင်းကြောင့် မည်မျှ ရုန်းကန်ကြိုးစား စေကာမူ ဗဟို၏ ထိန်းချုပ်မှုအောက်မှ ကျော်လွှား၍ မရသည့် ပုံစံမျိုး ဖြစ်နေကြောင်း မွန်နိုင်ငံ‌ရေးသမားဟောင်း ဒေါက်တာ အောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါဆိုရင်တော့ တိုင်းရင်းသားတွေဘက်က ပိုပြီးတော့လည်း မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ ပိုပြီးတော့ ကြီးမားလာမှာပေါ့။ အခုအနေအထားကတော့ ဥပမာအားဖြင့် ကျနော်တို့ မွန်ကိုပဲ ဥပမာ ပေးမယ် ဆိုလည်း ရတာပဲ။ ရခိုင်ကို ဥပမာ ပေးမယ်ဆိုလည်း ရတာပဲ။ မွန်မှာ အခုနေ ရွေးကောက်ပွဲကတဆင့် တရားဝင် ရွေးကောက်ခံရပြီးတော့မှ လွှတ်တော်ထဲ ရောက်သွားလို့ ကိုယ့်ရဲ့ မွန်ပြည်အခြေပြုပါတီ တစ်ခုခုကနေပြီးတော့ အများစုကို နေရာရထားတယ်ဆိုရင်တောင်မှ ကိုယ်က ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့လို့မရ သေးဘူးလေ။ ဘာကြောင့် ဆို ဗဟိုကပဲ ဝန်ကြီးချုပ် ဘယ်သူက အရင်ရွေးမယ်ဆိုတော့ ဘာမှလုပ်မရဘူး။ ရခိုင်လည်း ဒီအတိုင်းပဲလေ။ ပြီးခဲ့တဲ့ ၁၅ နဲ့ ၂၀ သက်တမ်းကြားမှာ ရခိုင်ကလည်း majority ရတာပဲလေ။ ရခိုင်ရဲ့ လွှတ်တော်မှာဆိုရင် ရခိုင် ပါတီတွေကပဲ အများစု နေရာရတာလေ။ ဒါပေမယ့် သူတို့က အစိုးရဖွဲ့လို့ မရဘူး။ အဲဒီကာလမှာ ပြည်ထောင်စုရဲ့ သမ္မတကပဲ ရခိုင်က ဝန်ကြီးချုပ်တစ်ဦးကို ကိုယ်စားလှယ်ထဲကနေ ရွေးချယ်ပြီး တင်မြှောက်ပြီးတော့မှ သွားတဲ့ စနစ်ဆိုတော့ ကိုယ့်ပြည်နယ်တိုင်းတွေမှာက ဘာမှလည်း ဘယ်လောက်ပဲ ကိုယ်နိုင်ထားပါစေ၊ ကိုယ်က အစိုးရ အဖွဲ့ဝင်သာ။ ကိုယ့်ရဲ့ပြည်နယ်နဲ့ တိုင်းတွေမှာ အနှစ်သာရအားဖြင့်သာ နာမည်ရှိတာပေါ့။ ကိုယ်ဘယ်လောက်ပဲ ရုန်းကန်ကြိုးစားပေမယ့်လည်း ဗဟိုရဲ့ ထိန်းချုပ်မှုအောက်ကနေပြီးတော့ ကိုယ်က ကျော်လွှားလို့ မရဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်လေ” ဟု ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီ စနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်‌လောင်းသင်တန်း အမှတ်စဉ် ၂၆ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။