CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃

၂၀၂၅ ခုနှစ်အတွင်း စစ်ရေးပဋိပက္ခများ ပိုမိုကျယ်ပြန့် လာနိုင်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များအကြား အမျိုးမျိုး သုံးသပ်လျက်ရှိနေကြသည်။

အချို့က ၂၀၂၅ ခုနှစ်သည် စစ်ရေးအရှိန် အမြင့်ဆုံးဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ်ထက် ပိုမိုကျယ်ပြန့် လာနိုင်ကြောင်း သုံးသပ်ထားကြပြီး အချို့ကမူ ၂၀၂၅ ခုနှစ်တွင် နိုင်ငံရေး လိုအပ်ချက်ကို နိုင်ငံရေးနည်းလမ်းဖြင့် အာမခံချက် ပေးနိုင်ပါက တစ်မျိုးပြောင်းလဲသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “တစ်ဖက်က နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြဖို့ လှုံ့ဆော်တဲ့ဟာက တစ်ဖက်၊ ဒါပေမယ့် စစ်ရေး တိုက်ပွဲတွေကတော့ ဆက်လက်ပြီး ပြင်းထန်နေဦးမယ်လို့ သုံးသပ်ပါတယ်။ ပိုဆိုးမှာပေါ့ အခုက အဆုံးသတ် တိုက်ပွဲလို့ သူတို့ယူဆထားတာကို”ဟု ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် စစ်ရေးအရှိန် မြှင့်သွားမည့်အပြင် မြေပြန့်ဒေသနှင့် ဆက်စပ် ဒေသများတွင် စစ်ရေးအရှိန်မြှင့်သွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ကျရောက်သည့်(၆၂)နှစ်မြောက် တအာင်း အမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းတွင် သတိပေးပြောကြားခဲ့သည်။

AA-MNDAA- TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

ရွေးကောက်ပွဲကဲ့သို့ နိုင်ငံရေး အပြောင်းအလဲအတွက် လမ်းစရှာမည်ဆိုပါက စစ်ရေးများမှာ ခေတ္တစောင့်ပေး ရမည့်သဘောဖြစ်နိုင်ပြီး နိုင်ငံရေးလိုအပ်ချက်ကို နိုင်ငံရေးနည်းလမ်းဖြင့် အာခံချက်ရပါက အပြောင်းအလဲ  ဖြစ်နိုင် ကြောင်း NCA ထိုး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒါကြောင့် စစ်ရေးအရ ကြွေးကြော်တာတွေက ရွေးကောက်ပွဲအတွက် အာမခံချက်ရှိဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သို့တည်းမဟုတ် ရွေးကောက်ပွဲကနေ ထွက်လာမယ့် ရလဒ်က လက်ရှိ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအတွက် နိုင်ငံရေးလိုအပ်ချက်၊ တောင်းဆိုချက်တွေကို ဖြည့်ဆည့်းနိုင် မယ့် အခြေအနေကို ရွေးကောက်ခံအစိုးရက အာမခံချက်ပေးနိုင်တဲ့ အခြေအနေမျိုး ပေါ်လာရင်တော့ စစ်ရေး ကတော့ နည်းနည်းငြိမ် သွားနိုင်တာပေါ့။ စစ်တိုက်တာက ဘက်စုံပင်ပန်းပါတယ်။ လက်နက်ကိုင်ချည်းပဲ မဟုတ်ပါ ဘူး။ ပြည်သူလူထုတွေ ၊ ဒေသခံတွေ၊ ရွာသူရွာသားတွေ အားလုံးက ဒုက္ခရောက် ကြပါတယ်။ ဒီဒဏ်တွေကို ဆက်တိုက် ဆက်ခံသွားဖို့ ထက်စာရင် နည်းနည်း အသက်ရှူခွင့်၊ နားခွင့်ရအောင် နိုင်ငံရေး အလှည့်အပြောင်း ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ‌ခေါင်းဆောင်တွေ ကြုံးဝါးတဲ့အတိုင်း စစ်ရေး အသာရတဲ့ ခေါင်းဆောင်တွေ က စစ်ရေးအရ ကျုံးဝါးတာ ရှိတာပေါ့။ သို့သော် နိုင်ငံရေးလိုအပ်ချက်က အဓိကဖြစ်ပါတယ်။ နိုင်ငံရေး လိုအပ်ချက် ကို နိုင်ငံရေးနည်းလမ်းနဲ့ အာမခံနိုင်တယ်။ အာမခံချက် ရတယ်ဆိုရင်တော့ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ၏ အကျပ်အတည်းသည် နိုင်ငံရေးကြောင့် ဖြစ်‌ပေါ်လာသည့် ပြဿနာဖြစ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်မှသာ ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှု အနည်းဆုံး လမ်းကြောင်းကို ရွေးချယ်နိုင်မှာဖြစ်ကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစော‌ကျော်ညွန့် က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

ဗိုလ်မှူးကြီးစော‌ကျော်ညွန့်က “၂၀၂၅ မှာက စစ်ရေး အခြေအနေကလည်း ပိုပြီးကျယ်ပြန့်လာနိုင်တယ် မြင်တာက လည်း လုံးဝမှားတယ်လို့ ပြောဖို့ဆိုဖို့က ခက်ပါတယ်။ ဘာလို့လဲဆို လက်ရှိ ၃ နှစ်ကျော်ကြာ ကြုံတွေ့ရတဲ့ ပြည်သူ လူထုတွေကနေ စနစ်တစ်ခုကို ပြောင်းလဲဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် မှားနိုင်တယ်လို့ ပြောဖို့က ခက်ပါတယ်။ အမြင်တွေက အမျိုးမျိုးရှိမယ်ဆိုတာ ရှောင်လွဲလို့ မရပါဘူး။ စစ်ရေးဆိုတာကလည်း နိုင်ငံရေးရဲ့ အဆက်ပါပဲ။ နိုင်ငံရေးနဲ့ ကြိုးပမ်းလာတာ အဆင်မပြေလို့ စစ်ရေးနဲ့ဖြေရှင်းခဲ့ရတယ်။ စစ်ဘောင်ကျယ် လို့ နိုင်ငံရေးဘောင်တွေ ကျဉ်းမြောင်းသွားခဲ့ရတယ်။ နိုင်ငံရေး မလုပ်နိုင်ခဲ့ဘူး။ ဒီလိုပဲ မုန့်လုံးကို စက္ကူကပ်သလိုမျိုး သွားနေလာခဲ့တာ နှစ်ပေါင်းလည်း တော်တော်ကြာခဲ့ပြီ”ဟု ပြောသည်။ 

အိမ်နီးချင်း နိုင်ငံများဘက်မှ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိုသာ လိုလားနေကြသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို လက်ခံကြမည် မဟုတ်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

လက်ရှိတွင် နစကဘက်မှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ထုတ်ပြန်နေပြီး တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှလည်း တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုပေမယ့် MNDAA နှင့် တွေ့ဆုံခဲ့သည်ကလွဲပြီး အခြား တွေ့ဆုံမှုများကို မမြင်တွေ့ရသေးပေ။