CNI International News

ဘေကျင်း၊ ဇန်နဝါရီ ၈

ပြည်သူသူလျှိုများသည် ၎င်းတို့သရုပ်မှန်ကို ဖုံးကွယ်ပြီး တရုတ်နိုင်ငံအတွင်းရှိ ဖုန်းနံပါတ်များနှင့် လူမှုမီဒီယာ အကောင့်များကို ဝယ်ယူနေကြောင်း တရုတ်ထိပ်သီး ထောက်လှမ်းရေးအေဂျင်စီက သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် တရုတ်နိုင်ငံသားများကို အလုပ်ခေါ်ယူခြင်း သို့မဟုတ် ရင်းနှီးသည့် မိတ်ဆွေများ အဖြစ် ကိုယ်ရေး အချက်အလက်များ နှိုက်ယူခြင်းတို့ လုပ်ဆောင်နေကြသည်ဟု တရုတ်နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန(MSS)က ဇန်နဝါရီ ၇ ရက်တွင် ၎င်း၏ လူမှုမီဒီယာအကောင့်၌ ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသား ၃ ဦးသည် ပြည်ပထောက်လှမ်းရေးအေဂျင်စီများ အကွက်ဆင်ထားသည့် ထောင်ချောက်များ အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် သတိရှိကြရန် MSS က ပြောကြားခဲ့သည်။

တရုတ်ဖုန်းကိုတွေ့ရစဉ်

ပြည်ပထောက်လှမ်းရေး အေဂျင်စီများသည် တရုတ်နိုင်ငံ၏ ဖုန်းနံပါတ် မှတ်ပုံတင်ခြင်းနှင့် လူမှုမီဒီယာ အကောင့် များ မှတ်ပုံတင်သည့် လုပ်ငန်းစဉ်ကို ကျော်လွှားနိုင်ရန်အတွက် မှတ်ပုံတင်ပြီးသား ဖုန်းနံပါတ်များနှင့် လူမှုမီဒီယာ အကောင့်များကို ဝယ်ယူခဲ့ကြကြောင်း၊ ထိုဖုန်းနံပါတ်များနှင့် လူမှုမီဒီယာ အကောင့်များကို ကြားခံဆက်သွယ် သည့် နေရာတွင် အသုံးပြုခဲ့ကြကြောင်း MSS က ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံသားများ အနေဖြင့် မိမိတို့ဝယ်ယူထားသည့် ဖုန်းနံပါတ်များနှင့် လူမှုမီဒီယာ အကောင့်များ ကို ပြည်ပထောက်လှမ်းရေး အေးဂျင့်များအား ရောင်းချခဲ့မည်ဆိုပါက ကြံရာပါ ဖြစ်လာနိုင်သည်ဟုလည်း MSS က သတိပေးခဲ့သည်။

ဖြစ်စဉ်တစ်ခုတွင် ဖုန်းနံပါတ်တစ်ခုကို အွန်လိုင်းမှ ရောင်းချခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦး၏ ဖုန်းနံပါတ်ကို သူလျှိုများက အသုံးပြုခဲ့ကြောင်း MSS က ဖော်ထုတ်သိရှိခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် အဆိုပါ တရုတ်နိုင်ငံသားကို ၎င်း၏ ဖုန်းနံပါတ်အား သူလျှိုများက အသုံးပြုနေသည့် အကြောင်းကို MSS က ဆက်သွယ် အကြောင်းကြားခဲ့ပြီး ထိုတရုတ်နိုင်ငံသားအား စုံစမ်းစစ်ဆေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ပထောက်လှမ်းရေး အေဂျင်စီများသည် ကင်းထောက်လှမ်းမှုနှင့် ရှာဖွေမှုများ ပြုလုပ်ရန် လူစုဆောင်း သည့် အနေဖြင့် အွန်လိုင်းပေါ်တွင် အချိန်ပိုင်း အလုပ်ခေါ်စာများကို တင်ခဲ့ကြောင်း  MSS က သတိပေးခဲ့သည်။

နောက်ထပ် ဖြစ်စဉ်တစ်ခုတွင်လည်း တရုတ် ကျောင်းသားတစ်ဦးသည် အွန်လိုင်းပေါ်တွင် အချိန်ပိုင်း အလုပ်ခေါ် စာကို လျှောက်ထားခဲ့သည်။

ထိုကျောင်းသားသည် အချိန်ပိုင်း အလုပ်အဖြစ် တရုတ်နိုင်ငံ၏ သတ်မှတ်ပေးထားသည့် နေရာများကို ဓာတ်ပုံများ ရိုက်ပြီးပို့ပေးနေရကြောင်း အာဏာပိုင်များက စုံစမ်းသိရှိခဲ့ပြီးနောက် ထိုကျောင်းသားကို ဖမ်းဆီးထိန်းသိမ်းခဲ့ရ ကြောင်း MSS က ပြောကြားခဲ့သည်။

Source: South China Morning Post