CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ဇန်နဝါရီ ၆ ရက်က တာလတ်ပစ် ဟိုက်ပါဆောနစ် အမျိုးအစား ပဲ့ထိန်းဒုံးကျည် (IRBM)တစ်စင်း ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည် ပစ်လွှတ်မှုသည် အောင်မြင်မှုရရှိခဲ့ပြီး ကင်မ်က နိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်စွမ်းဆောင်ရည် များကို အရှိန်မြှင့်တင်ရန် ကတိပြုခဲ့သည်။

တောင်ကိုရီးယားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုဒုံးကျည် ပစ်လွှတ်မှုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက် နောက်ပိုင်း မြောက်ကိုရီးယား၏ ပထမဆုံး ဒုံးကျည် ပစ်လွှတ်မှု ဖြစ်သည်။

ထို့ပြင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) စတင်ရုံးမထိုင်မီ သီတင်းပတ် ၂ ပတ် ပင် မလိုတော့သည့် အချိန်တွင် ထိုဒုံးကျည်ပစ်လွှတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း (Pyongyang) မြို့တော်၏ ဆင်ခြေဖုံးနေရာမှ ပစ်လွှတ်ခဲ့သည့် ထိုဒုံးကျည်သည် အသံထက် ၁၂ ဆ ပိုမိုမြန်ဆန်ပြီး အမြင့် ၁၀၀ ကီလိုမီတာအထိ ရောက်ရှိကာ အကွာအဝေး ၁၅၀၀ ကီလိုမီတာ အထိ ပျံသန်းခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တွေ့ရစဉ်

ထိုဒုံးကျည်သည် မြောက်ကိုရီးယား၏ အရှေ့ဘက် ကမ်းလွန်ရေပြင်များအတွင်းရှိ သတ်မှတ်ထားသော ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့သည်ဟုလည်း KCNA က ဖော်ပြခဲ့သည်။

တောင်ကိုရီးယား စစ်တပ်ကမူ KCNA ၏ သတင်းထုတ်ပြန်မှုသည် ပုံကြီးချဲ့ခြင်းဖြစ်နိုင်ပြီး ထိုဒုံးကျည်သည် ကီလိုမီတာ ၁၁၀၀ အကွာအဝေးထိသာ ပျံသန်းခဲ့ကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

ထိုဒုံးကျည်၏ အင်ဂျင်အတွင်း ကာဘွန်ဖိုက်ဘာ ပေါင်းစပ်ပစ္စည်းများ ပါဝင်ပြီး အလူမီနီယံကဲ့သို့ ပစ္စည်းများထက် ပိုမိုပေါ့ပါးပြီး ခိုင်မာမှုရှိကာ တည်ဆောက်ရခက်ခဲကြောင်း KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကလည်း ထိုဒုံးကျည်သည် ပြောင်းလဲနေသည့် ဒေသတွင်း လုံခြုံရေး အခြေအနေနှင့် ရန်လိုသည့် အင်အားစုများ၏ ခြိမ်းခြောက်မှုများကို ဆန့်ကျင်နိုင်သည့် အင်းအားပြင်း လက်နက် တစ်ခုအဖြစ် ချီးကျူးပြောဆိုခဲ့သည်။

Source: ရိုက်တာ