CNI International News
နယူးယောက်၊ ဇန်နဝါရီ ၈
ရုရှားသည် ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပြိုင်ဘက်အဖွဲ့ ၂ ဖွဲ့စလုံးကို ငွေကြေးများ ထောက်ပံ့ပေး နေကြောင်း အမေရိကန်က ကုလသမဂ္ဂ၌ ဇန်နဝါရီ ၆ ရက်က စွပ်စွဲခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုစွပ်စွဲချက်အရ ရုရှားသည် ၎င်း၏ နိုင်ငံရေး ရည်ရွယ်ချက်များကို ပြည့်မြောက်စေရန် ဆူဒန်ပြည်တွင်းစစ်၏ ပြိုင်ဘက်အဖွဲ့များကို ထောက်ပံ့နေသည့် ယခင်စွပ်စွဲချက်များကို ပိုမိုခိုင်မာစေလိုသော အမေရိကန်၏ ကြိုးပမ်းမှု တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလကတည်းက ဆူန်စစ်တပ်နှင့် အရံလက်ရုံးတပ် (RSF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်ဖက်အုပ်ချုပ်ရေး ပြိုလဲခဲ့သည်။
ထို့နောက် ဆူဒန်သည် ကမ္ဘာပေါ်တွင် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ရသူ အများဆုံးနေရာတစ်ခု ဖြစ်လာခဲ့ပြီး အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။
နိုဝင်ဘာလကလည်း ဆူဒန်တွင် စစ်ဖြစ်နေသည့် အဖွဲ့များကို ချက်ချင်း အပစ်အခတ်ရပ်စဲရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ရန် ကုလသမဂ္ဂ၏ ကြေညာချက်မူကြမ်းအား ရုရှားက ဗီတို အာဏာဖြင့် ပယ်ချခဲ့သည်။
ဆူဒန်က ရွှေတူးနေသူများကိုတွေ့ရစဉ်
ထိုကြေညာချက် မူကြမ်းကို ရုရှားမှလွဲပြီး ကျန်သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက ထောက်ခံခဲ့ ကြသည်။
"ရုရှားက ဆူဒန်ပြည်သူတွေကို ထိခိုက်နစ်နာစေဖို့အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခဖြစ်ပွားနေတဲ့ ၂ ဖက်စလုံးကို ငွေကြေးထောက်ပံ့ ပေးနေပါတယ်" ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ် (Linda Thomas-Greenfield) က လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အထူးတာဝန်အဖွဲ့ကလည်း ဆူဒန်၏ ရွှေကုန်ကူးမှုကို ရုရှားက စိတ်ဝင်စား နေသည်ကို အမေရိကန်မှ သိရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် စစ်ဖြစ်နေသည့် ပြိုင်ဘက်အဖွဲ့များကို တရားမဝင် ရွှေရောင်းဝယ်မှုများမှတဆင့် ငွေကြေးများ ထောက်ပံ့ ပေးနေမှုကို ရှုတ်ချကြောင်း အမေရိကန်အထူးတာဝန်အဖွဲ့က ပြောကြားခဲ့သည်။
အမေရိကန်သံအမတ်၏ ပြောကြားချက်ကို တုန့်ပြန်သည့် အနေဖြင့် ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ လက်ထောက် သံအမတ် ဒီမီထရီ ပိုလ်ယန်စကီး (Dmitry Polyanskiy) က အမေရိကန်သည် ၎င်း၏ တစ်ဖက်သတ် အမြင်ဖြင့် အခြား အင်အားကြီးနိုင်ငံများအပေါ် ဝေဖန်သုံးသပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ