CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တစ်ခုလုံးအသစ်လဲသင့်ပြီး လိုအပ်သည့် အပြောင်းအလဲသည် စစ်နိုင်အောင်သာ တိုက်ရမည် ဖြစ်ကာ ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ရန်လိုအပ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက သုံးသပ်ပြောဆိုသည်။
၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများအား ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က “လိုအပ်ချက်တွေကတော့ NUG က တစ်ခုလုံး အသစ်လဲပစ်ရင် အကောင်းဆုံးပဲ၊ ဘာမှစစ်လည်း မနိုင်ဘူး၊ ပိုက်ဆံတွေလည်း မရှိဘူး၊ ငွေရေးကြေးရေးလည်း မရှိဘူး၊ ဝန်ကြီးအဖွဲ့တွေကလည်း အကြီးကြီးပဲ၊ လစာတွေ လည်း အပြည့်ယူထားတယ်၊ တတိယနိုင်ငံကို သွားတဲ့အခါကျရင် ဒီ NUG ကပဲ အားလုံးကို စရိတ်ထောက်ပံ့တာ၊ ထောက်ပံ့တဲ့အခါကျတော့ အဲဒီစရိတ်တွေက မိသားစုလိုက်တွေပါ ထောက်ပံ့ထားတာ သောင်းနဲ့ချီရှိတယ်၊ အဲဒီဟာတွေတွက်က တော်လောက်ပြီ၊ အဲ့လို ပြင်ဆင်သင့်တယ်လို့ အဲ့လို ထင်တယ်လေ၊ ၄ နှစ်လုံးလုံး ပတ်ဝန်းကျင်က အကြံဥာဏ်ပေးတာတွေကျ မလုပ်ပါဘူး၊ သူတို့လုပ်ချင်ရာ လုပ်တာပဲ၊ အခု ဒီစကား ပြောတာကတော့ ဝမ်းသာပါတယ်နော်၊ လိုအပ်တဲ့ အပြောင်းအလဲကတော့ စစ်နိုင်အောင်တိုက်ပေါ့ ဒီတစ်ခုပါပဲ နော် သိပ်များများမရှိပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
NUG အစိုးရအနေဖြင့် တော်လှန်ရေးတွင် ပိုမိုကောင်းမွန်ထိရောက်သော စုဖွဲ့လုပ်ဆောင်မှုများအား ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်သလို ဦးဆောင်မှုလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အားနည်းချက်များအားလည်း ကြိုးစားပြင်ဆင်သွားရန် အသင့် ဖြစ်နေကြောင်း NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်းတွင် သင်ခန်းစာယူရမည့် ပြုပြင်ပြောင်းလဲရမည့် ကိစ္စများရှိခဲ့ပြီး အုပ်ချုပ်ရေး၊ စစ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ချို့၏ ပြည်သူလူထုအပေါ် မျက်နှာမူမှု အားနည်းသည့် ဆောင်ရွက်ချက်များ၊ တော်လှန်ရေးတွင် ပါဝင်သော်လည်း တော်လှန်ရေးစံနှုန်းများအား သွေဖည်သွားသည့်လုပ်ရပ်များ၊ စိတ် ခံစားချက်များအပေါ် ရှေ့တန်းတင်ပြီး နားလည်မှု၊ စည်းလုံးမှုများအား ပျက်ပြားစေခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်ဟုလည်း ၎င်းက ဝန်ခံခဲ့သည်။
NUG အစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် PDF ရဲဘော်များ တွေ့ဆုံစဉ်
NUG အနေဖြင့် ပြုပြင်ပြောင်းလဲမှု တော်တော်များများ လုပ်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NUG အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ လုပ်ဖို့လိုပါတယ်၊ ဒီပထမဦးဆုံးလိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကတော့ NUG အနေနဲ့ အခု စစ်ရေးအရ မဟာမိတ်ဖွဲ့မှုတွေကို တစ်ဆင့်တိုး လုပ်ဆောင်ရမယ်၊ နောက်တစ်ခုက နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပိုပြီးတော့ ပီပြင်အောင် လုပ်ရမယ်၊ ဆိုလိုတဲ့ သဘောကတော့ စစ်ရေးကို အလေးထားပြီး လုပ်ဆောင်တာနဲ့ တစ်ပြိုင်နက်ထဲမှာ နိုင်ငံရေးအရလည်း ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရပါမယ်၊ အဲ့လိုလုပ်ခြင်းအားဖြင့် ဘာဖြစ်လာနိုင်လဲဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာ လက်နက်ကိုင် အင်အားစုတွေရဲ့ ပေါင်းစည်းမှုဟာ ပိုပြီးတော့ ကျစ်လစ်ခိုင်မာလာလိမ့်မယ်၊ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ယူဆပါတယ်၊ နောက် ဒုတိယတစ်ချက်ကတော့ NUG အစိုးရအနေနဲ့ အာဏာရ အစိုးရတစ်ရပ် မဟုတ်ဘဲနဲ့ အာဏာရအစိုးရတစ်ရပ် အသွင်အပြင်ဆောင်နေတဲ့ အဆောက်အအုံတွေကို ဖျက်သိမ်းပြီးတော့ လုံးဝကျစ်လစ်တဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာ ကတော့ ဝန်ကြီးဌာန ၁၇ ခု မလိုဘူး၊ ဝန်ကြီးဌာနတစ်ခုမှာလည်း ဝန်ကြီး ၄၊ ၅ ပါးလောက် အဲ့လောက်ထိ ဖောင်းပွနေစရာ မလိုဘူးလို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် တပ်ရင်းပေါင်း ၃၀၀ ကျော်၊ ကာကွယ်ရေးတပ် ၂၀၀ ကျော်ခန့် ရှိသော် လည်း တိုက်ပွဲများ ဖြစ်မြောက်အောင် မတိုက်ခိုက်နိုင်ခြင်းတို့ကြောင့် NUG ဦးဆောင်နေသည့် စစ်ရေး အင်အားစု များ အတွင်း၌ လက်တွေ့တိုက်ပွဲတောင်းဆိုချက်နှင့် ကိုက်ညီသည့် ဖွဲ့စည်းမှုမျိုး မရှိသေးသည်ကို တွေ့ရကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့သည် နိုင်ငံတစ်ဝန်းတွင် မြို့နယ်ပေါင်း ၁၄၄ မြို့နယ်အား စိုးမိုးထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး (ငါတို့အားလုံးသည် မြန်မာ) ဟူသောစိတ်ဖြင့် လက်တွဲအကောင်အထည် ဖော်ကြရန် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ကာ တိုက်တွန်း ခဲ့သည်။