CNI International News

တိုင်ပေ၊ မတ်လ ၂၀

တရုတ်သည် ၂၀၁၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက မတ်လ ၁၈ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း အယ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ထိန်းချုပ်ရန် ၎င်း၏ နှစ်ရှည်လများ ရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖော်နေသော်လည်း လာမည့်နှစ်တွင် တရုတ်ပြည်မကြီး အနေဖြင့် ကျူးကျော်တိုက်ခိုက်မှု စတင်လိမ့်မည်ဟု မျှော်လင့်မထားကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့များ၏ နောက်ဆုံးထုတ်ပြန်သော အစီအရင်ခံစာ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

တရုတ်ခေါင်းဆောင်များသည် ၂၀၂၇ ခုနှစ်၌ ထိုင်ဝမ်ကို ကျူးကျော်ရန် လက်ရှိတွင် အစီအစဉ် မရှိသည့်အပြင် ပြန်လည်ပေါင်းစည်းရေးအတွက်လည်း ပုံသေ သတ်မှတ်ထားသည့် အချိန်ဇယား မရှိသေးကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက သုံးသပ်ထားသည်။

၂၀၂၇ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ထိုင်ဝမ်ကို ကျူးကျော်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိများက အလွတ်သဘော ယူဆထားကြသော်လည်း ထိုအချိန်ဇယားမှာ တရုတ်ပြည်မကြီး၏ တိုက်ခိုက်မှု စတင်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြား ခဲ့သည်။

တရုတ်နဲ့ထိုင်ဝမ် အလံကြားက တိုက်လေယာဉ်ကို တွေ့ရစဉ်

စစ်ရေးအရ ချဉ်းကပ်ဆောင်ရွက်မည့် နည်းလမ်းကို ဆုံးဖြတ်ရာတွင် တရုတ်အနေဖြင့် စစ်ရေးအရ အသင့်ဖြစ်မှု၊ ထိုင်ဝမ်၏ လုပ်ဆောင်ချက်နှင့် နိုင်ငံရေး အခြေအနေ၊ အမေရိကန်၏ ကြားဝင်နိုင်ခြေ ရှိ/မရှိ အစရှိသည့် အချက် အလက် အမျိုးမျိုးကို ထည့်သွင်း စဉ်းစားလိမ့်မည်ဖြစ်ကြောင်း အဆိုပါ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

PLA သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် စစ်ရေးလှုပ်ရှားမှုများကို မြှင့်တင်လေ့ရှိသော်လည်း တရုတ် ခေါင်းဆောင်ပိုင်းအတွက် စွန့်စားရမှုများစွာ ရှိနေသေးကြောင်း အစီအရင်ခံစာက ဆက်လက် ဖော်ပြသည်။

ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်၏ ပြင်းထန်သော ပြောဆိုမှုများ ရှိနေသော်လည်း တရုတ်ခေါင်းဆောင်ပိုင်းသည် ဖြစ်နိုင်လျှင် အင်အားမသုံးဘဲ ပြန်လည်ပေါင်းစည်းရေးကိုသာ ပိုမိုလိုလားသည်ဟု အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက ယူဆထားသည်။

ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ အပြင်းအထန် တိုက်ခိုက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု ဆိုသည်။

အဘယ့်ကြောင့်ဆိုသော် ထိုင်ဝမ်သည် ကမ္ဘာ့ထိပ်တန်း ကွန်ပျူတာချစ်ပ် (Chip) ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့်သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသောကြောင့်ဖြစ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

Source: အယ်ဂျားဇီးယား