CNI International News

တိုင်ပေ၊ ဇန်နဝါရီ ၂၃

ဇန်နဝါရီ ၂၂ ရက်က ထိုင်ဝမ်ရေလက်ကြားပေါ်တွင် ပျံသန်းနေသည့် တရုတ်၏ မိုးပျံပူဖောင်း ၆ လုံးကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုမိုးပျံပူဖောင်းများအနက် တစ်လုံးသည် ထိုင်ဝမ်ကျွန်းပေါ်တွင် ဖြတ်သန်းသွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

တရုတ်သည် ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည့် ထိုင်ဝမ်ရွေးကောက်ပွဲများမတိုင်မီ ရက်ပိုင်းအလိုတွင် ထိုင်ဝမ် လူထုကို မိုးပျံပူဖောင်းများအသုံးပြုပြီး စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခဲ့ကာ လေကြောင်းလုံခြုံရေးအား ခြိမ်းခြောက် ခဲ့ကြောင်း ထိုင်ဝမ်မှ ယခုလအစောပိုင်း၌ စွပ်စွဲခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ 

တရုတ်သည် ပြီးခဲ့သည့် လအတွင်းကလည်း မိုးပျံပူဖောင်းများနှင့်ပတ်သက်ပြီး ထိုင်ဝမ်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အမေရိကန်သည် ၎င်း၏ နယ်နိမိတ်အပေါ်တွင် ပျံသန်းနေသည့် တရုတ်မိုးပျံ ပူဖောင်းတစ်လုံးကို ပစ်ချခဲ့ပြီးနောက် တရုတ်သည် ကင်းထောက်လှမ်းမှုများ ပြုလုပ်ရန်အတွက် မိုးပျံပူဖောင်း များကို အသုံးပြုနေခြင်း ရှိ/မရှိဆိုသည့် အချက်အပေါ် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ 

တရုတ်နဲ့ ထိုင်ဝမ်ကို တွေ့ရစဉ်

အမေရိကန်ကမူ ၎င်းတို့ ပစ်ချခဲ့သည့် မိုးပျံပူဖောင်းသည် တရုတ်၏ ကင်းထောက် မိုးပျံပူဖောင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း တရုတ်ကမူ ထိုမိုးပျံပူဖောင်းသည် အရပ်ဖက်သုံး မိုးပျံပူဖောင်းဖြစ်ပြီး မတော်တဆ လမ်းလွဲသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ယခုနောက်ဆုံးဖြစ်စဉ်ကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်စစ်တပ်၏ လှုပ်ရှားမှုများကို ထောက်လှမ်း သိရှိခဲ့ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားပေါ်၌ တရုတ်၏ မိုးပျံပူဖောင်း ၆ လုံး ပျံသန်းခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ထိုမိုးပျံပူဖောင်းများထဲမှ ၁ လုံးသည် ထိုင်ဝမ်ကျွန်းပေါ်တွင် ဖြတ်ပျံခဲ့ပြီး ကျန် ၅ လုံးသည် အရှေ့ဘက်စွန်းစွန်းသို့ ဦးတည်ပျံသန်း၍ မြင်ကွင်းမှ ပျောက်ကွယ်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး သိမ်းယူ မည်ဟု ပြောကြားထားသည်။

သို့သော် ထိုင်ဝမ်ကမူ တရုတ်၏ အချုပ်အခြာအာဏာပိုင်ကြောင်း ကြေညာချက်များကို ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ