CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃

တည်ငြိမ်အေးချမ်းလုံခြုံမှုရှိနေပြီဖြစ်သည့် နမ့်ခမ်းမြို့နယ်တွင် ညီနောင်မဟာမိတ်ဖြစ်သည့် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP/SSA)အနေဖြင့် တပ်သားစု ဆောင်းရေးကိစ္စရပ် အပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေး ကောက်ခံရေး စသည့် ကိစ္စများ မလုပ်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စာ ပေးပို့ ပြောကြားခဲ့သည်။

အဆိုပါ စာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့စွဲဖြင့် SSPP ၏ မဟာမိတ်ရေးရာဌာန၊ ဌာနမှူးကြီးကို လိပ်မူ၍ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

SSPP မှ TNLA ၏ နမ့်ခမ်းမြို့နယ်ရှိ ဒေသနေ ရှမ်းလူထု မိဘပြည်သူများကို ကျေးရွာလုံခြုံရေးတပ်ဖွဲ့စည်းရန်နှင့် စစ်မှုထမ်းရန် ဆောင်ရွက်နေသည်ကို မိမိတို့၏ ရပ်ရွာအုပ်ချုပ်ရေးမှူးအဖွဲ့များမှ အုပ်ချုပ်ရေးဌာနမှ တင်ပြလာ သည်ဟု စာထဲမှာ ဖော်ပြထားသည်။

နမ့်ခမ်းမြို့ ဧရိယာအတွင်းရှိ မိဘပြည်သူများသည် ယခုချိန်တွင် လွတ်မြောက်လွတ်လပ်သည့် ပြည်သူများ ဖြစ်ကြောင်း၊ နမ့်ခမ်းမြို့နယ်ရှိ ဗမာစစ်အာဏာရှင်အုပ်စုကို ဖယ်ရှားရင်းလင်းမောင်းနှင်ထုတ်သည့် TNLA မှ လည်း နမ့်ခမ်းမြို့နယ်ရှိ ပြည်သူများ၏ သဘောတူဆန္ဒအတိုင်း နမ့်ခမ်းမြို့နယ်ကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုး လာအောင် တာဝန်ယူပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း TNLA က SSPP ထံ စာပေးပို့ခဲ့သည်။

SSPP ထံ TNLA က ပို့တဲ့စာကို တွေ့ရစဉ်

TNLA က “သို့ဖြစ်ပါ၍ တည်ငြိမ်အေးချမ်းလုံခြုံမှုရှိနေပြီဖြစ်သည့် နမ့်ခမ်းမြို့နယ်တွင် ညီနောင်မဟာမိတ်ဖြစ် သည့် SSPP မှ တပ်သားစုဆောင်းရေး ကိစ္စရပ် အပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေး စသည့် ကိစ္စများ ဆက်လက် မလုပ်ဆောင်ရန် TNLA မှ အထူးမေတ္တာရပ်ခံအပ်ပါသည်”ဟု စာထဲမှာ ပြောထားသည်။

မိမိတို့၏ မိဘပြည်သူများ၏ သဘာတူဆန္ဒများနှင့်ဆန့်ကျင်ပြီး အဆိုပါကိစ္စရပ်များ ဆက်လက် ဆောင်ရွက်နေ မည်ဆိုပါက မိမိတို့ ညီနောင်မဟာမိတ်အကြား မလိုလားအပ်သည့်ပြဿနာများ ပေါက်ဖွားလာစေနိုင်သည့် အတွက် ဤမေတ္တာရပ်ခံလွှာအား ပေးပို့ရခြင်းဖြစ်ပါသည်ဟု TNLA က ပြောသည်။

နမ့်ခမ်းဒေသခံ တစ်ဦးက “ နမ့်ခမ်းဆိုတာ ရှမ်းလူမျိုးအများဆုံး နေထိုင်ကြတာ။ အဲဒါကြောင့် SSPP က အုပ်ချုပ် ရေးလုပ်တာ မမှားဘူးလေ။ ပြီးတော့ နမ့်ခမ်းမှာ SSPP က အရင်ကတည်း လှုပ်ရှားနေတာ။ TNLA က SSPP ရဲ့ စယ်လန့်က ဆိပ်ကမ်းကို လိုချင်နေတာ။ နမ့်ခမ်းကို ထိန်းချုပ်ပြီး တရုတ်နယ်စပ် ထွက်ပေါက်ကို လိုချင်နေတာ။ ရှမ်းလူထုကလည်း ပလောင်အုပ်ချုပ်မှာကို ဘယ်လိုလို့ လက်ခံမလဲ၊ နှစ်ဖက် တင်းမာပြီး တိုက်ခိုက်မှုတွေဖြစ် လာမလားတော့ မသိတော့ဘူး”ဟု ပြောသည်။

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင် တိုက်ခိုက်နေပြီး နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီ တို့ကို ထိန်းချုပ်ထားသည်။

သို့သော် နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်တို့မှာ SSPP တပ်ဖွဲ့များ ယခင်ကတည်းက လှုပ်ရှားလျက်ရှိပြီး လက်ရှိမှာ လည်း တပ်အင်အား တိုးမြှင့်ထားကြောင်း သိရသည်။