CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃၀

နှစ်ဖက်ညှိနှိုင်းမှုပြေလည်၍ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များကို မူဆယ်မြို့နယ်ဘက် ပို့ဆောင် ခြင်းဖြစ်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နမ့်ခမ်းမြို့နယ်အတွင်းရှိ SSPP တပ်ဖွဲ့ဝင်များကို TNLA မှ ကားများဖြင့် တင်ဆောင်ကာ မူဆယ်ဘက်သို့ ပို့ဆောင်ခဲ့သည်။

လွေးယေဦးက “ဟုတ်တယ် ကျမတို့ လွန်ခဲ့တဲ့ ၂၆၊ ၂၇ ရက်နေ့ပေါ့နော်၊ SSPP မဟာမိတ်တပ်ဖွဲ့ကို ကျမတို့က သူတို့ကို ကားနဲ့ခေါ်ဆောင်ပြီးတော့မှ သူတို့ရဲ့ မူရင်း လှုပ်ရှားရာ တပ်စခန်း မူဆယ်ဖက်မှာ သွားရောက်ပြီးတော့မှ ပို့ဆောင်တာ ဖြစ်တယ်၊ ဒီကိစ္စက ပြေပြေလည်လည်နဲ့ အဆင်ပြေပြီးသွားပါပြီ၊ လက်ရှိကတော့ အဓိက-ကတော့ ကျမတို့ ဒီလိုမျိုး ပို့ဆောင်ခြင်းက ကျမတို့ SSPP နဲ့ အစည်းအဝေးမှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်ပေါ့နော်၊ အခု ကျမတို့ ဒီလိုလုပ်တာက ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တာ ဖြစ်တယ်” ဟု ပြောသည်။

နမ့်ခမ်းမြို့အ၀င်ကိုတွေ့ရစဉ်

ညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA-AA-MNDAA) တို့ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့က နမ့်ခမ်းမြို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် နမ့်ခမ်းမြို့နယ်အတွင်း လှုပ်ရှားနေသော SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကားဖြင့်တင်ဆောင်ကာ မူဆယ်ဘက်သို့ ပို့ဆောင်ပြီး ထွက်ခွာခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ SSPP မှ ပြန်ကြားရေးတာဝန်ခံများထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

SSPP စခန်းချသည့် နေရာများမှာ မိမိတို့ TNLA က ၁၀၂၇ အတွင်း မြန်မာ့တပ်မတော်ထံက တိုက်ယူ၍ သိမ်းပိုက် ထားသည့် နေရာဖြစ်ကြောင်း၊ ထို့အတူ လက်နက်ကိုင် အများအပြား ရှိနေခြင်းကြောင့် ပြည်သူလူထုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေကြောင်း လွေးယေဦးက ပြောသည်။

 SSPP တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “နောက်တစ်ခုက SSPP နေရာချထားတဲ့ တပ်စခန်းတွေကလည်း ကျမတို့ ၁၀၂၇ အတောအတွင်းမှာ စစ်ကောင်စီထံ တိုက်ယူရတဲ့ စခန်းတွေ ဖြစ်တာပေါ့လေ၊ အဲဒါကြောင့်မို့ ဒီလိုမျိုး တပ်စခန်းတွေ အခြေချခြင်းသည် လူထုတွေဆီကနေ အခွန်တွေလည်း တိုးကောက်တာမျိုး ရှိသလို နောက်တစ်ခုက လူထုတွေရဲ့ လုံခြုံမှုပေါ့၊ လုံခြုံရေး ပြီးရင် အခြားသော စိုးရိမ်မှုတွေ ဖြစ်စေတယ်လေ၊ အဲဒါကြောင့်မို့ ကျမတို့ နှစ်ဖွဲ့ညှိနှိုင်းပြီးတော့မှ သူတို့ကို (SSPP) ဒီလိုမျိုး ပြန်ပို့ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့ မြို့တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။