CNI International News

ဟောင်ကောင်၊ မေလ ၃၀

တရုတ်သည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများ၏ နယ်နိမိတ် အချုပ်အခြာအာဏာပိုင်မှုများကို ဆက်လက် စိန်ခေါ်နေသဖြင့် နိုင်ငံတကာ၏ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်ဟု ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် တရုတ်သည် နီပေါ၊ တိဘက်၊ ဘူတန်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်းကဲ့သို့ နိုင်ငံငယ်များမှအစ၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကဲ့သို့ ကျွန်းနိုင်ငံများအလယ်၊ ရုရှားနှင့် အိန္ဒိယတို့ကဲ့သို့ ကြီးမားသည့် စူပါပါဝါ နိုင်ငံများအဆုံး များပြားလှသည့် နိုင်ငံများနှင့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

တရုတ်သည် အချို့ဒေသများတွင် ဥပဒေပြဋ္ဌာန်းစရာမလိုသည့် နိုင်ငံတကာ အခင်းအကျင်းကို အမြတ်ထုတ်နိုင်ရန် နယ်နိမိတ် အချုပ်အခြာအာဏာပိုင်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာဥပဒေများကို ထူထောင်ရန် ပြင်လွယ် ပြောင်းလွယ်ရှိသည့် ချဉ်းကပ်မှုဖြင့် ဆက်လက် လုပ်ဆောင်နေသည်ဟု ကျွမ်းကျင်သူအများစုက ယူဆထားသည်။

မည်သို့ပင်ဆိုစေ နယ်နိမိတ် ချဲ့ထွင်ရေးအတွက် တရုတ်၏ ချဉ်းကပ်မှုသည် အာဏာအပျော့နှင့် အာဏာအမာကို ပေါင်းစပ် အသုံးပြုလျက်ရှိပြီး နိုင်ငံတကာဥပဒေများ၏ များပြားလှသည့် နယ်ပယ်များအတွင်း တရားရေး စံနှုန်း များကို ပြန်လည်ပုံဖော်ရန် ရည်ရွယ်ထားသည်ဟု လေ့လာသူများက ပြောသည်။

ထင်ရှားသည့် ဖြစ်စဉ်အချို့ကို လေ့လာကြည့်ရမည်ဆိုပါက တရုတ်သည် အိန္ဒိယ၏ အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ကို တရုတ်ကပိုင်ဆိုင်သည့် နယ်နိမိတ်အဖြစ် ကြေညာခဲ့ပြီး ထိုဒေသကို ကျန်းနန် (Zhangnan) ဟူသည့် အမည်ဖြင့် သုံးနှုန်းခေါ်ဆိုခဲ့သည်။ 

 တရုတ်အလံကိုတွေ့ရစဉ်

ထိုဒေသသည် တောင်တိဘက်ဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု တရုတ်က ကြေညာခဲ့သည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင်လည်း တရုတ်-ပါကစ္စတန် စီပွားရေး စင်္ကြန့် (CPEC) ဖောက်လုပ်မှုသည် အိန္ဒိယ၏ နယ်နိမိတ် အချုပ်အခြာအာဏာပိုင်မှုကို နှောင့်ယှက်လိုသည့် တရုတ်၏ အားထုတ်ကြိုးပမ်းမှုဖြစ်သည်။

ထိုစီးပွားရေးစင်္ကြန့်ကို Belt and Road Initiative (BRI) အစီအစဉ်အောက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထိုစင်္ကြန့်သည် နယ်နိမိတ် တည်တံ့ခိုင်မြဲရေးကို ထိပါးရုံသာမက ဂျီဂျစ်-ဘယ်လ်တစ္စတန် (Gilgit-Baltistan) ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးစုများအတွက် ကြွေးမြီဝန်ပိစေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ သည်။

ထို့အတူ တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ချဉ်းကပ်မှုများမှာ ထိပ်တိုက်တွေ့သည့် အခြေအနေကို ဖန်တီး ပေးနေပြီး ၎င်း၏ မဟာဗျူဟာမြောက် အသာစီးရမှုများ ဖြစ်ပေါ်စေရန် နိုင်ငံတကာဥပဒေကို အလွဲသုံးစားမှုများ ရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ဟောင်ကောင်ပို့စ်