CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈

အင်္ဂလန်ဂန္ထဝင်နဲ့ ပရီးမီးယားလိဂ် စံချိန်တင် ဂိုးသွင်းရှင် အလန်ရှီးယားက ဆက်စ်ကို,ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်း ပေးခဲ့ရတဲ့ ငွေကြေးများ လွန်းတယ်လို့ ပြောခဲ့ပါတယ်။ 

အလန်ရှီးယားက “ယူနိုက်တက်အတွက် ပိုကောင်းအောင် လုပ်ရမယ့် ကစားသမားတစ်ဦးက ဆက်စ်ကိုပါ။ သူတို့ ဟာ သူ့အတွက် ပေါင်သန်း ၇၀ ကျော် ပေးခဲ့ရပါတယ်။ ဒါက များပြားတဲ့ ငွေကြေး ပမာဏဖြစ်ပြီး ဈေးကွက် ကြောင့်ဆိုတာ ကျနော် သိပေမယ့် များလွန်းပါတယ်။ ရိုးရိုးသားသားပြောရရင် သူ့ဆီကနေ ကြီးမားတဲ့ အရာတွေ ကို မမျှော်လင့်ထားပါဘူး။ သူဟာ ကောင်းမွန်တဲ့ ကစားသမားလို့ ကျနော်ထင်ပေမယ့် အခုသွင်းထားတဲ့ ဂိုးထက် ဂိုးပိုသွင်းထားနိုင်သင့်ပါတယ်”လို့ Betfair ကို ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဂိုးရဖို့ ရုန်းကန်နေရတာကို ဖြေရှင်းဖို့နဲ့ ဟော့ဂျ်လန်းရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကို,ကို လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၇၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ 

ဆက်စ်ကိုကို တွေ့ရစဉ် 

ဆက်စ်ကိုဟာ ယူနိုက်တက်အသင်း ကစားသမားဘဝအစကို ခက်ခက်ခဲခဲ စတင်နေရပြီး အသင်းအတွက် ၁၂ ပွဲ ကစားထားတာမှာ ၂ ဂိုးသာ သွင်းယူထားနိုင်တာပါ။ 

ယူနိုက်တက်အသင်း နည်းပြ အာမိုရင် ကိုယ်တိုင်က ဆက်စ်ကိုဟာ အနည်းငယ် ရုန်းကန်နေရတယ်လို့ ဝန်ခံ ထားပါတယ်။ 

အလန်ရှီးယားဟာ ဆက်စ်ကိုအပေါ်မှာ သံသယတွေ ကြီးကြီးမားမား ရှိနေပေမယ့် ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဆာဟာကတော့ သူ့ကို အကောင်းမြင်မှုတွေ ရှိနေပါတယ်။

ဆာဟာက ဆက်စ်ကိုဟာ လိဂ်အသစ်ကို ရောက်လာတာကြောင့် လိဂ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပြီးရင် အခွင့်အရေးတွေ ရောက်လာမယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။ 

စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဆက်စ်ကိုဟာ တစ်လခန့် အနားယူ ရဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

Source: Metro