CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉

 ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ အကြား တိုက်ပွဲ ထပ်မံမဖြစ်ပွားရေး သဘောတူညီမှုကြောင့် ပြည်သူလူထုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု လျော့ကျသွားနိုင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်း ဌာနသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားပါက အရင်ဆုံး ထိခိုက်ရခြင်းက ပြည်သူဖြစ်ကြောင်း၊ မဟာမိတ် အဖွဲ့အစည်းနှစ်ဖွဲ့ သဘောတူညီ ချက်ကြောင့် ပြည်သူများ ကောင်းကျိုးရှိကြောင်း ၎င်းက ပြောသည်။

လွေးချီဆငါးက “တကယ်လို့ မဖြစ်ဘူး။ အချင်းချင်းကြားမှာ တိုက်ပွဲမဖြစ်ဘူး။ ညှိနှိုင်းမှု အဆင်ပြေသွားတယ် ဆိုရင်တော့ ပြည်သူလူထုတွေအတွက် ဆိုရင်လည်း ကောင်းကျိုး အနည်းနဲ့ အများတော့ ရှိမှာပါ၊ ရှိမယ်ဆိုတာက တိုက်ပွဲ ဖြစ်ပြီဆိုရင်တော့ အရင်ဆုံးထိခိုက်မှာက ပြည်သူလူထုတွေပေါ့နော်၊ တကယ်လို့ ဒါတွေကို တကယ်ပဲ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ မဟာမိတ်လိုမျိုး ဆက်လက် နေထိုင်မယ်ဆိုရင်တော့ ပြည်သူထုတွေလည်း တိုက်ခိုက်မှု တွေ ကြားညှပ်တဲ့ ပုံစံမျိုးတွေက မဖြစ်ရတော့ဘူးပေါ့နော်၊ ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ရမယ်လို့ မျှော်လင့် တယ်၊ အကောင်းဆုံးကတော့ ခုနပြောသလိုမျိုး တိုက်ခိုက်မှုတွေ လျော့နည်းတယ်ဆိုရင်တော့ လူထုတွေအပေါ် မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အနည်းနဲ့အများ လျော့ကျသွားမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ဒေသတွင် SSPP နှင့် TNLA တို့ မဟာမိတ် အချင်းချင်းကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့တွင် နှစ်ဖက် ခေါင်းဆောင်အကြား တွေ့ဆုံကာ သဘောတူထား သည့် နိုင်ငံရေး/စစ်ရေး သဘောတူညီချက်များကို အပြန်အလှန် စောင့်ထိန်းကြပြီး အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းများ၊ တော်လှန်ရေးလုပ်ငန်းများကို၊ အမြန်အောင်မြင်ရန်အတွက် နှစ်ဖက်အဖွဲ့အစည်းကြား အဆင့်ဆင့် သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြဿနာပေါ်ပေါက်လာပါက မဟာမိတ်အချင်းချင်း ညှိနှိုင်းဖြေရှင်းရန် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားပါက ဒေသခံများ သေကြေရပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရကြောင်း၊ ၎င်းသဘော တူညီမှာ ဒေသခံများအတွက် ကောင်းမွန်ကြောင်း ကွတ်ခိုင်မြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဋ္ဌ ဦးခမ်းညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒေသခံအတွက်တော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအချင်းချင်းပဲ တိုက်ပွဲဖြစ်ဖြစ်၊ ဟိုဖက်က အစိုးရနဲ့ တိုက်ပွဲပဲဖြစ်ဖြစ်၊ မလိုလားပါဘူး။ ဒေသခံတွေက တိုက်ပွဲဆိုတာ မကောင်းပါဘူး။ တိုက်ပွဲဖြစ် တယ်ဆိုတာက နောက်ဆုံးကတော့ လူထုပဲ ထိတာ၊ လူထုပဲ နာတာလေ၊ ဒေသပဲ နာတာကိုး၊ ဦးလေးတို့ကတော့ ဒါတွေတော့ မဖြစ်စေချင်ဘူးပေါ့။ တိုက်ပွဲမဖြစ်တာ အကောင်းဆုံပေါ့၊ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်၊ ဟိုဖက်က အဖွဲ့ပဲဖြစ် ဖြစ် ဘယ်အဖွဲ့ဖြစ်ဖြစ်  တိုက်ပွဲဆိုတာ မကောင်းပါဘူး၊ တိုက်ပွဲဆိုတာ ဘယ်မှာဖြစ်လဲ(ဘယ်မှာဖြစ်ဖြစ်) ဒေသခံ တွေပဲ ထိတာပဲ၊ တိုက်ပွဲဖြစ်တာနဲ့ ဒေသခံတွေ နာတယ်၊ သေတယ်၊ ပြေးတယ်၊ ဘာမှ မဟုတ်ဘူး။ ဒါတွေပဲ အဖတ် တင်တာပေါ့နော်၊ ဦးလေးတို့ ဒါတွေတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ (SSPP) နှင့် တအာင်းလက်နက်ကိုင်တပ် (TNLA) တို့သည် နိုင်ငံရေး၊ စစ်ရေး မဟာမိတ် ဖြစ်ပြီး ပူးတွဲစစ်ရေး လှုပ်ရှားမှုများရှိနေသလို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မဟာမိတ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။