CNI International News

ကဘူး၊ အောက်တိုဘာ ၉

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် အောက်တိုဘာ ၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်ဟု တာလီဘန်ထိပ်သီး အရာရှိတစ်ဦးက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ရစ်ချ်တာစကေး ၆ ဒသမ ၃ ပြင်းအားရှိသည့် ထိုငလျင်သည် အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ် နှစ်စုအတွင်း လူသေဆုံးမှုအများဆုံး ငလျင်များထဲ၌ တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ 

ဟီရတ် (Herat) ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ထိုငလျင်ကြောင့်လည်း ပျောက်ဆုံးသူများရှိနေသည်။

ထို့နောက် အပျက်အစီးများအောက် ပိတ်မိနေသူများကို ကယ်ထုတ်ရန် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း ကာတာအခြေစိုက် တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆူဟေး ရှာဟင်း (Suhail Shaheen) က အယ်လ်ဂျာဇီးယားကို ပြောကြားခဲ့သည်။

အာဖဂန် သတင်းပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ဝါဟစ် ရာယန်ကို တွေ့ရစဉ်

ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသများအတွက် ယာယီရွက်ဖျင်တဲများ၊ ဆေးဝါးများနှင့် အစားအစာများ အရေးတကြီး လိုအပ်နေပြီး ဒုက္ခရောက်နေသူများကို ကူညီပေးရန် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် NGO အဖွဲ့များကို အကူအညီ တောင်းခံထားသည်ဟု ရှာဟင်းက ပြောသည်။ 

အောက်တိုဘာ ၈ ရက်တွင် ဟီရတ်ပြည်နယ်၌ ကယ်ဆယ်ရေးသမားသည် ကျောက်တုံးကျောက်ခဲများနှင့် အပျက်အစီးများအောက်မှာ ပိတ်မိနေသည့် သေဆုံးသူများကို ဆွဲထုတ်ရန်နှင့် အသက်ရှင်လျက် ပိတ်မိနေသူများ ကို ကယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ 

"လက်ရှိအချိန်အထိ ရရှိတဲ့သတင်းတွေအရ သေဆုံးသူ ၂၀၆၀ ရှိပြီး ၁၂၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အိမ်ခြေ ၁၃၂၀ လောက်က လုံးဝပြိုကျ ပျက်စီးသွားခဲ့ပါတယ်" ဟု အာဖဂန် သတင်းပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ဝါဟစ် ရာယန် (Abdul Wahid Rayan) က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် နေအိမ်များ ပြိုကျသွားစဉ်

ငလျင်ကြောင့် ကျေးရွာ ခြောက်ရွာခန့် ပျက်စီးခဲ့ပြီး ရာနှင့်ချီသည့် အရပ်သားများသည် အပျက်အစီးများအောက် တွင် ပိမိခဲ့ကာ အရေးတကြီး အကူအညီ လိုအပ်နေသည်ဟု ရာယန်က ပြောကြားခဲ့သည်။ 

ဟီရတ်ပြည်နယ် ဟီရတ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၄၀ (၂၄ မိုင်) အကွာတွင် အဆိုပါငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်ခဲ့သည်။ 

ငလျင်ဒဏ်ကို အိမ်နီးချင်း ဘက်ဂျစ် (Badghis) ပြည်နယ်နှင့် ဖာရာ (Farah) ပြည်နယ်တို့တွင်လည်း ခံစားခဲ့ရ ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လကလည်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ တောင်တန်းဒေသတွင် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ကာ လူပေါင်း ၁၅၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

Source: အယ်လ်ဂျာဇီးယား