CNI International News

ကဘူးလ်၊ ဇူလိုင် ၁၀

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က တာလီဘန်အဖွဲ့ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်း ထုတ်မှုအား တာလီဘန် အဖွဲ့က ပယ်ချခဲ့သည်ဟု Barron's သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့နောက် ICC ၏ စွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိကြောင်း တာလီဘန်အဖွဲ့က ပြောကြားခဲ့သည်။

ICC သည် တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ဟီဘာတူလာ အက်ခွန်ဇာဒါ (Hibatullah Akhundzada) နှင့် တရားသူကြီးချုပ် အဗ္ဗဒူလ်ဟာကင် ဟက်ကာနီ ( Abdul Hakim Haqqani) တို့ကို ဇူလိုင် ၈ ရက်က ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။

အက်ခွန်ဇာဒါနှင့် ဟက်ကာနီတို့သည် အမျိုးသမီးများနှင့် မိန်းကလေးများအား လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ဖိနှိပ်မှုများ ကျူးလွန်နေကြောင်း  ICC ၏ တရားသူကြီးများက စွပ်စွဲခဲ့သည်။

တာလီဘန်အဖွဲ့သည် အာဖဂန်ပြည်သူများအပေါ် စည်းကမ်းများ၊ တားမြစ်ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး အထူးသဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများကို ပစ်မှတ်ထားခဲ့သလို အခြေခံလူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တို့ကို ပိတ်ပင်ထားကြောင်း ICC က ထုတ်ပြန်ခဲ့သည်။

ICC ရုံးကို တွေ့ရစဉ်

တာလီဘန်အဖွဲ့သည် မိန်းကလေးများနှင့် အမျိုးသမီးများကို ပညာသင်ကြားခွင့်၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ တွေးခေါ်ခွင့်တို့ကို ဆိုးရွားစွာ ပိတ်ပင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တာလီဘန်အဖွဲ့သည် ထိုရာဇဝတ်မှုများကို ၎င်းတို့ အာဏာရလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှစပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်ကြား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ICC က ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့ကမူ ICC ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တာလီဘန်အစိုးရသည် ICC ကို အသိအမှတ် မပြုကြောင်း ပြောကြားခဲ့သည်။

“အခုလို အဓိပ္ပာယ်မရှိတဲ့ ကြေညာချက်တွေဟာ အစ္စလာမ်မစ် ဥပဒေအပေါ် ထားရှိတဲ့ တာလီဘန် အာဏာပိုင် တွေရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ယုံကြည်မှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး” ဟု တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။

Source: Barron's