CNI International News
မနီလာ၊ မေလ ၁၈
နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားသည့် အထက်လွှတ်တော်အမတ် ရော်နယ် ဒီလာရိုဆာ (Ronald Dela Rosa) အား ဖမ်းဆီးခွင့်ပြုရန် တရားလွှတ်တော်ချုပ်ကို တောင်းဆိုထားကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဒီလာရိုဆာသည် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး (Rodrigo Duterte) ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲကို အဓိက တာဝန်ယူခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ICC သည် ဒီလာရိုဆာကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ဒူတာတေး အပါအဝင် အခြား ပူးတွဲ ကျူးလွန်သူများနှင့်အတူ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု၊ လူသတ်မှုဖြင့် စွဲဆိုခဲ့သည်။
ထို့ကြောင့် ဒီလာရိုဆာအား ICC တွင် တရားရင်ဆိုင် ခိုင်းရန်အတွက် ဖမ်းဆီးခွင့်ပြုရန် ဖိလစ်ပိုင်အစိုးရရှေ့နေချုပ် ဒါလင်း ဘာဘာရာဘီ (Darlene Berberabe)က တရားလွှတ်တော်ချုပ်ကို တောင်းဆိုထားခြင်းဖြစ်သည်။
ဒီလာရိုဆာသည် အစိုးရအေးဂျင့်များမှ ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းနေမှုကို တားဆီးပေးဖို့ ဖိလစ်ပိုင် တရား လွှတ်တော်ချုပ်ကို တောင်းဆိုခဲ့ပြီး ပြီးခဲ့သည့် အပတ်က လွှတ်တော် အဆောက်အအုံအတွင်း ယာယီ ခိုလှုံခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးနဲ့ ဖိလစ်ပိုင်ရဲချုပ်ဟောင်း လွှတ်တော်အမတ် ဒီလာရိုဆာကို တွေ့ရစဉ်
ထို့နောက် ဒီလာရိုဆာသည် မေလ ၁၄ ရက်တွင် လွှတ်တော် အဆောက်အအုံအတွင်းမှ တိတ်တဆိတ် ထွက်ခွာ သွားခဲ့ပြီးနောက် လက်ရှိ၌ ၎င်းဘယ်ရောက်နေသည်ကို မသိရသေးပေ။
“သူ့ရဲ့ လုပ်ဆောင်ချက်တွေအရ သူဟာ ဥပဒေရဲ့ အကာအကွယ် အပြင်ဘက်ကို ရောက်ရှိသွားခဲ့ပါပြီ”ဟု အစိုးရ ရှေ့နေချုပ် ဘာဘာရာဘီက ဒီလာရိုဆာ၏ လျှောက်ထားချက်ကို ပယ်ချပေးရန် တရားရုံးသို့ တင်ပြသည့် လျှောက်ထားလွှာတွင် ပြောကြားခဲ့သည်။
“သူ့အနေနဲ့ တရားဝင် အာဏာပိုင်တွေဆီမှာ လာရောက် အဖမ်းမခံမချင်း ဝရမ်းပြေး တစ်ဦးအဖြစ်သာ သတ်မှတ် ရမှာဖြစ်ပြီး တရားရုံးတွေဆီကနေ ဘယ်လို သက်ညှာမှုမျိုးကိုမှ တောင်းခံခွင့် မပြုသင့်ပါဘူး” ဟု ဘာဘာရာဘီက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တရားလွှတ်တော်ချုပ် ဘက်ကမူ ချက်ချင်း မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။
Source: CAN
