CNI International News

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၃

နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်မှုသည် အစ္စရေးကို ခုခံကာကွယ်ပေးနေသည့် မိမိအား တားဆီးနိုင်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု (Benjamin Netanyahu)က နိုဝင်ဘာ  ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း NDTV မှ ဖော်ပြခဲ့သည်။

ICC ၏ တရားသူကြီးများက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့် (Yoav Gallant) နှင့် ဟားမာ့စ်တပ်မှူး မိုဟာမက် ဒီအက်စ်ဖ် (Mohammed Deif ) တို့ကို ဖမ်းဝရမ်းများ ထုတ်ခဲ့ပြီး နောက် နေတန်ယာဟု၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

"လက်ခံနိုင်စရာမရှိတဲ့ အစ္စရေးဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ဟာ ကျနော်တို့နိုင်ငံကို ဆက်လက် ကာကွယ်သွားမယ့် အခြေအနေကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ကျနော့်ကိုလည်း တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒီဖိအားတွေကို ကျနော်တို့ အလျှော့ပေးသွားမှာ မဟုတ်ပါဘူး"ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ထို့ပြင် ICC ၏ ဆုံးဖြတ်ချက်သည် နိုင်ငံများ၏သမိုင်းတွင် မှောင်မိုက်သည့်နေ့ရက် တစ်ရက်ဖြစ်ကြောင်းလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။

ICC ၏ အဖွဲ့ဝင် ၁၂၄ နိုင်ငံအနေဖြင့် နေတန်ယာဟု၊ ဂဲလန့်နှင့် ဒီအစ်ဖ်တို့ကို ဖမ်းဆီးရေးအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

ICC တရားရုံကိုတွေ့ရစဉ်

ထို့ပြင် နေတန်ယာဟုကို ICC က ဖမ်းဝရမ်း ထုတ်ထားသော်လည်း ကုလသမဂ္ဂ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ ၏ လုပ်ထုံးလုပ်နည်းများအတိုင်း နေတန်ယာဟုနှင့် တွေ့ဆုံမှုကို တားမြစ်နိုင်ခြင်းမရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်က ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်ပွဲ စတင် ဖြစ်ပွားကတည်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) နှင့် နေတန်ယာဟုတို့ စကားပြောဆိုခြင်း မရှိသေးပေ။

သို့သော် ဒေသတွင်း တာဝန်ထမ်းဆောင်နေသော ကုလသမဂ္ဂ တာဝန်ရှိသူများသည် ICC ၏ ဖမ်းဝရမ်း ထုတ်ထား သည့်တိုင် အစ္စရေးခေါင်းဆောင် နေတန်ယာဟုနှင့် ဆက်သွယ်မှုများ၊ တွေ့ဆုံမှုများ ပြုလုပ်နိုင်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ပါလက်စတိုင်းများကို မျက်နှာသာပေးသည်ဟု အစ္စရေးက စွပ်စွဲပြောကြားခဲ့ပြီး ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။

Source: NDTV