CNI International News

ဘေကျင်း၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်အနီးရှိ ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ် လုပ်ငန်းများ လုပ်ကိုင်နေသည့် စင်တာအားလုံးကို ချေမှုန်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်က ကြေညာခဲ့သည်ဟု Communications Today သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းမှုများ စတင်ပြုလုပ်ခဲ့ချိန်ကစပြီး တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့တို့၏ ပူးတွဲစစ်ဆင်ရေးများအတွင်း ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည်ဟု သံသယရှိ သည့် တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် စီးနင်းမှု တစ်ခုအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း တန့်ယန်း (Tangyan) မြို့ တစ်မြို့တည်းမှာပင် သံသယရှိသူ ၁၀၇၉ ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ကိုးကန့်ခေါင်းဆောင် လျိုမိသားစု အကြီးအကဲကို တရုတ်က မြန်မာနိုင်ငံကနေ ဖမ်းသွားစဉ်

တရုတ်၏ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များအကြား ပူးတွဲစစ်ဆင်ရေးအတွင်း ထိုသံသယရှိ သူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် ၇၆၃ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းအပ်နှံခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အထူးသဖြင့် ကျားဖြန့်လုပ်ငန်းများ အမြစ်တွယ်နေသည့် နေရာဒေသများကို အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့အကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး လူထု အနေနှင့်လည်း ကျားဖြန့်လုပ်ငန်းများတွင် ဝင်ရောက် အလုပ်လုပ်ရန် လိမ်ညာ ခေါ်ယူမှုများကို သတိထားရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အကြံပြုထားသည်။

Source: Communications Today