CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ကျားဖြန့်လုပ်ငန်းစင်တာတစ်ခုမှ ပြည်ပနိုင်ငံသား ၃၉ ဦးသည် နယ်စပ်ကို ဖြတ်ကာ  ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြား ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ကျားဖြန့်လုပ်ငန်းများ အလွန်များပြားနေကြောင်း၊  ပြည်ပနိုင်ငံသားများ သည် လိမ်ညာခေါ်ဆောင်ခံရပြီး ကျားဖြန့်စင်တာများတွင် ဝင်ရောက်လုပ်ကိုင်ရန် အတင်းအဓမ္မ စေခိုင်းခံခဲ့ရ သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ထိုသို့ အတင်းအဓမ္မ စေခိုင်းခံရသူများသည် လူသစ်စုဆောင်းသည့် အနေဖြင့် အခြားသူများကိုလည်း ဝင်ငွေသန်းချီ ရရှိမည်ဟု အွန်လိုင်းပေါ်မှ လိမ်ညာခေါ်ယူနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ တာ့ခ် (Tak) ပြည်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် ထိုပြည်ပနိုင်ငံသားများထဲတွင် သီရိလင်္ကာ၊ နီပေါ၊ မလေးရှားနှင့် ရုရှားနိုင်ငံသားများ ပါဝင်ကြောင်း မဲဆောက်(Mae Sot)မြို့ ရဲတပ်ဖွဲ့အကြီးအကဲ  ရဲမှူးကြီး ပိတ္တယကွန်း ပက်ချာရက် (Pittayakorn Petcharat) က ပြောကြားခဲ့သည်။

 မြန်မာ-ထိုင်းနယ်စပ်ကိုတွေ့ရစဉ်

၎င်းတို့သည် မြန်မာနိုင်ငံ၏ မြဝတီမြို့မှ နယ်စပ်ကိုဖြတ်ကာ ထိုင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီး ပက်ချာရက်က ပြောသည်။

ဘန်ကောက်မြို့တော်ရှိ သီရိလင်္ကာသံရုံးကမူ မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် သီရိလင်္ကာနိုင်ငံသား ၃၂ ဦးကို ကူညီပေးရန် ထိုင်းအာဏာပိုင်များအား တိုက်တွန်းခဲ့သည်ဟု ပက်ချာရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်ခဲ့သည့် ထိုအဖွဲ့ထဲတွင် နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှား နိုင်ငံသား ၁ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦး ပါဝင်ခဲ့ သည်။

၎င်းတို့အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရှိ အမည်မဖော်လိုသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သည်ဟု သံသယရှိသူ ၄၀,၀၀၀ ကျော်ကို တရုတ်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Source: CNA