CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ထိုင်းငါးဖမ်းသမား ၄ ဦးသည် ဇန်နဝါရီ ၄ ရက်တွင် ပြန်လည် လွတ်မြောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းအပ်နှံခံရလိမ့်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai ) က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းငါးဖမ်း သင်္ဘောပိုင်ရှင် ၁ ဦးနှင့် ငါးဖမ်းသမား ၃ ဦး ပါဝင်သည့် ထိုထိုင်းလူမျိုး ၄ ဦးကို Koh Song မြို့ရှိ မြန်မာတရားရုံးတစ်ရုံးက အသေးဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံတွင်ရှိသည့် ထိုင်းသံရုံးထံမှ သတင်း ရရှိခဲ့သည်ဟု ဖွမ်သမ်က ပြောသည်။

ထိုထိုင်းငါးဖမ်းသမားများသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ ၄ ရက်တွင် ပြန်လည် လွတ်မြောက်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ရေပြင်များအတွင်း မြန်မာစစ်သင်္ဘော တစ်စင်းက ထိုင်း ငါးဖမ်း သင်္ဘောများကို ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းလူမျိုး ၄ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၃၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းခံထားရတဲ့ ထိုင်းငါးဖမ်းသမား လေးဦးကိုတွေ့ရစဉ်

ထိုထိုင်းလူမျိုး ၄ ဦးသည် မြန်မာရေပြင်များအတွင်း ဝင်ရောက်ခဲ့ခြင်း ရှိ/မရှိကိုမူ ဖွမ်သမ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အဆိုပါ ထိုင်းနိုင်ငံသား ၄ ဦး ဖမ်းဆီးခံခဲ့ရသည့် နိုဝင်ဘာ ၃၀ ရက် ကတည်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သည် ဖမ်းဆီးခံ ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ဖွမ်သမ်က ပြောသည်။

မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည့် ငါးဖမ်းသမားများကို ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) ပြည်နယ် ကမ်းလွန်ရှိ Koh Song ကျွန်းပေါ်တွင် ထိန်းသိမ်းခံခဲ့ရသည်။

ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ထိန်းသိမ်း ခံထားရဆဲဖြစ်သဖြင့် ရေပြင်နယ်နိမိတ် ကျူးကျော် ဝင်ရောက်မှု ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အချိန်အခါ မသင့်သေးကြောင်း ဖွမ်သမ်က ပြောသည်။

"ဒီကိစ္စဟာ နိုင်ငံတကာ နိုင်ငံရေးပြဿနာ တစ်ခုအထိ ကြီးမားသွားမှာကို ကျနော် မဖြစ်စေချင်ပါဘူး။ လောလောဆယ်မှာ ထိုင်းနိုင်ငံသား ၄ ဦးရဲ့ လုံခြုံရေးကိုပဲ အာရုံစိုက်ရမှာဖြစ်ပါတယ်" ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

Source: The Nation