CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အာရက္ခတပ်တော်(AA)၏ အပေါ်တွင် တရုတ်၏ဖိအားသည် ကြီးကြီးမားမား မရှိနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ထိန်းချုပ်နိုင်ရေး AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တစ်ဖက်မှာတော့ AA ခေါင်းဆောင်များနှင့် တရုတ်ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေးမှုများ လုပ်နေကြသည်။
AA အပေါ်တွင် တရုတ်ဖိအားသည် အနည်းနှင့်အများ ရှိကောင်းရှိနိုင်သော်လည်း ကြီးကြီမားမား မရှိနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
၎င်းက “AA က “ဝ” တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့နဲ့ မတူဘူး၊ သူကဒီတစ်ဖက်က တရုတ်ရှိပေမယ့် တရုတ်က လှမ်း တယ်။ သူနဲ့ နီးတဲ့နိုင်ငံတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဖြစ်တယ်။ ပြီးတော့ သူ့အပေါ်မှာ ဖိအားကတော့ အနည်းနဲ့ အများ ရှိကောင်းရှိနိုင်ပေမယ့် ကိုးကန့်တို့၊ မိုင်းလားတို့၊ “ဝ” တို့လို သိပ်ပြီးတော့မှ ကြီးမားမယ်လို့ မထင်ဘူးပေါ့ ဗျာ၊ ဒီစစ်တွေမြို့ကတော့သူက မြို့တော်ဖြစ်တယ်၊ နောက်ပြီးတော့မှ ဒီသူ့ကိုယ်သူ ကာကွယ်ဖို့ အင်းအားက နည်း တယ်လေ၊ ဒီတော့သူ့ကို တိုက်နိုင်မလား၊ မတိုက်နိုင်ဘူးလား ကျနော်တို့ AA ကိုပဲ ပြန်မေးရမှာပေါ့ဗျာ၊ တိုက် မလား၊ မတိုက်ဘူးလား သူက သူ့ဆုံးဖြတ်ချက်က သူ့မှာပဲရှိတာကိုး၊ ဒါကိုတော့ ကျနော် မပြောနိုင်ပါဘူး၊ ကျောက်ဖြူကတော့ ဒီတရုတ်ဖက်က စီးပွားရေး လုပ်ထားတယ်၊ နောက်ပြီးမှ ပင်လယ်ရေနက်ဆိပ်ကမ်းလည်း လုပ်တယ်၊ ဒီကနေစပြီးတော့မှ တရုတ်ပြည်ကိုသူတို့ ရေနံတို့၊ ဂတ်စ်တို့ သွင်းတယ်ဆိုတော့ ဒီနေရာကိုတော့ သူတို့ အပေးအယူရှိမယ်လို့ ထင်ပါတယ်၊ နံပါတ် ၃ ကတော့ မာန်အောင်ကျွန်း၊ မာန်အောင်ကျွန်းကတော့ ရေတပ်စခန်း ကို သူ့ကို သိမ်းနိုင်ဖို့ ဆိုလို့ရှိရင်တော့ ဒါကိုတော့ ရေတပ်စခန်းကတော့ ချက်ချင်းလွယ်မယ်လို့တော့ မထင်ဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ AA မှာက ရေတပ်မှမရှိတာ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေချိန်၌ AA မှ တာဝန်ရှိသူများနှင့် တရုတ်တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးကိစ္စ၊ တိုက်ပွဲရပ်စဲရေးကိစ္စနှင့် တရုတ်စီမံကိန်းများ လုံခြုံ ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သို့သော် AA အနေဖြင့် အမ်းမြို့နယ် လေဆိပ်အနီးရှိ စစ်စခန်းများ အပါအဝင် တပ်ရင်းတပ်ခွဲ ၁၀ ခုအား တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ)၅ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မောင်တောမြို့တစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်လမ်းစဥ်အား စွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိ စေလိုကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့ သည်။
တရုတ်အနေဖြင့် AA ကို ဖိအားပေးခြင်းထက် စေ့စပ်ညှိနှိုင်းရမည့် အနေအထားသာဖြစ်ကြောင်း စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမ်း၊ တောင်ကုတ်၊ ဂွ ဒါကတော့ ရခိုင်ပြည်ရဲ့ ထွက်ပေါက်ပေါ့နော်၊ ကုန်းလမ်းအားဖြင့် ထွက်ပေါက်ဖြစ် တယ်၊ ဒီထွက်ပေါက်တွေမှာ အမ်းဆိုတော့လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သူ့ကိုလည်း သိမ်းပိုက်ပြီးသွားပြီ၊ တောင်ကုတ်လည်း ပြီးသွားပြီ၊ အခုကတော့ ဂွကို ထိုးစစ်ဆင်နေတယ်ပေါ့၊ ဒါလည်းမကြာခင် ရက်ပိုင်းမှာပဲ ပြီးသွားလိမ့်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်တယ်၊ ပြီးလည်းပြီးသွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ လူထုအား ပြည်သူ့အားက ပါတယ်လေ။ ရခိုင်ပြည်ရဲ့ တည်နေရာပေါ့နော်၊ ပထဝီ အနေအထားအရဆိုရင် အဲလို ဖိအားပေး လို့တော့ ရနိုင်လိမ့်မယ် မထင်ပါဘူး။ ရခိုင်ပြည် အနေအထားအရတော့ ကြားမှာ မြန်မာပြည်မကြီး တစ်ခုလုံးက ကြားမှာ ခံနေတယ်ပေါ့လေ၊ အဲတာလေးတစ်ခုရှိတယ်။ နောက် ရခိုင်အနေနဲ့ဆိုရင် သူတို့နဲ့ ဆက်ဆံနေတာက အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ရှိမယ်၊ အဲတာကြောင့် ဖိအားဆိုတဲ့ဟာမျိုးထက် ကုန်းလမ်းမှာကတော့ သူတို့စေ့စပ် ညှိနှိုင်းရမယ်ဆိုတဲ့ အနေအထားမျိုးပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ တကယ့်ကို မဟာဗျူဟာ ကျတဲ့ သမုဒ္ဒရာ ၂ စင်း အိမ်မက်ရယ်၊ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ရခိုင်တွေ နယ်နိမိတ်ထဲမှာပဲရှိတယ်၊ အဲတာကြောင့် သူတို့ကတော့ ဖိအားဆိုတာထက် ညှိနှိုင်းပြီးတော့ ဘယ်လိုအပေးအယူ လုပ်ကြမလဲဆိုတဲ့ ဟာမျိုးပဲ ဖြစ်လိမ့်မယ် လို့ ထင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အများအပြားလည်း ရှိလာနေသည်။
ထို့အပြင် လူနေအိမ်များ အပါအဝင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ဈေး များ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးနေရသလို စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုများဖြင့်လည်း ရင်ဆိုင်နေကြရသည်။
ထို့ပြင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ်(UNDP)က ရခိုင်ပြည်နယ်တွင် လူဦးရေ ၂ သန်းခန့် အငတ်ဘေး ကျရောက် နိုင်မည့်အန္တရာယ် ရင်ဆိုင်ရနိုင်ပြီး လာမည့် နှစ်ဆန်းတွင် ပြည်နယ်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှုသည် လူဦးရေ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံနိုင်မည်ဟု ခန့်မှန်းထားသည်။