CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၈
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ အောင်မြင်ခြင်း မရှိခဲ့သည့် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့မှုသည် ထိပ်သီး ကာကွယ်ရေးအရာရှိများအတွက် ကြီးမားသည့် အကျိုးသက်ရောက်မှုများ ရှိစေခဲ့ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားသည့် အချိန်များတွင် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နင်းရန်နှင့် အခြေအနေအား ထိန်းသိမ်းရန်အတွက် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာလေ့ရှိသည်။
ထိုအခြေအနေမျိုးတွင် အရပ်ဖက် အုပ်ချုပ်မှုစနစ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စစ်တပ်၏ အခန်းကဏ္ဍသည် စေ့စေ့စပ်စပ် စောင့်ကြည့်ခံခဲ့ရသည်။
လက်ရှိတွင် တောင်ကိုရီးယား၏ ထိပ်သီးကာကွယ်ရေး အရာရှိများသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သည့် နာရီပိုင်းအတွင်း ၎င်းတို့၏ လုပ်ပိုင်ခွင့်များထက် ပိုမိုကျော်လွန်ပြီး လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
ထိုစွပ်စွဲမှုများအနက် ဆန္ဒပြသူများကို ဖြိုခွင်းရန် စစ်တပ်၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးခြင်း၊ နိုင်ငံရေး အကျိုးရလဒ် များကို ကြိုးကိုင်ခြယ်လှယ်ခြင်း အစရှိသည့် စွဲချက်များ ပါဝင်သည်။
တောင်ကိုရီးယား ပြည်သူများကို တွေ့ရစဉ်
စုံစမ်းစစ်ဆေးသူများက စစ်တပ်၏ တရားမဝင် လုပ်ဆောင်မှုများကို ဖော်ထုတ်ခဲ့သည့် အချိန်တွင် လူထု၏ ဒေါသကို မြင့်တက်စေခဲ့ပြီး တာဝန်ရှိသူများအနေဖြင့် တာဝန်ခံရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေး အရာရှိအချို့သည် တရားရင်ဆိုင်ရခြင်း၊ ပြစ်ဒဏ်ချခံရခြင်း အပါအဝင် တရားရေး အကျိုးဆက်များနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုသို့ အငြင်းပွားဖွယ် အခြေအနေက နိုင်ငံရေးကိစ္စများတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ကျစေခဲ့သည်။
လက်ရှိတွင် တောင်ကိုရီးယားသည် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် နှင့် ဒီမိုကရေစီကို ခိုင်မာစေရန် အစီအစဉ်များ လုပ်ဆောင်ခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကျရှုံးမှုက စစ်တပ်နှင့် အရပ်သားအစိုးရအကြား ရှင်းလင်းပြတ်သားသည့် စည်းများ ချမှတ်ရန် လိုအပ်မှုကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia