CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၁၃

ရာထူးမှနုတ်ထွက်ရန် လွှတ်တော် အပါအဝင် ပြည်သူလူထုနှင့် အာဏာရပါတီ၏ ဖိအားပေးခြင်း ခံနေရသော် လည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeo)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး အတိုက်အခံပါတီနှင့် ၎င်း၏ အာဏာရပါတီကပင် ၎င်းအား စွပ်စွဲပြစ်တင်ရန် ပြင်ဆင်နေချိန်တွင် ယွန်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။

သို့သော် နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲ၍ ပယ်ချခဲ့ ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်အား ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်း၌  ပြန်လည်ရုပ်သိမ်းခဲ့သည်။

တောင်ကိုရီးယား လူထုက ယွန်းကို ဆန့်ကျင်နေကြစဉ်

ထို့နောက် ယွန်းသည် ဒီဇင်ဘာ ၇ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုအတွက် ပထမဆုံးအကြိမ်အဖြစ် လူထုကို ပြန်လည်တောင်းပန်ခဲ့သည်။

"အစိုးရ အုပ်ချုပ်ရေး ယန္တရားကို တုံ့ဆိုင်းသွားစေပြီး ဖွဲ့စည်းပုံပျက်ယွင်းစေမယ့် အင်အားစုတွေနဲ့ ရာဇဝတ်အဖွဲ့ တွေကို ကျနော်တို့ တားဆီးရပါမယ်။ ဘာတွေပဲဖြစ်နေပါစေ၊ ကျနော် အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ" ဟု ယွန်းက ပြောကြားခဲ့သည်။

"စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုကြောင့် လူထုကို အံ့အားသင့်စေပြီး ပူပင်သောက ရောက်စေခဲ့တဲ့ အတွက် ကျနော် နောက်တစ်ကြိမ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျနော့်ကို ယုံကြည်ပေးကြပါ" ဟု ယွန်းက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယွန်းသည် ဒီဇင်ဘာ ၇ ရက်က လွှတ်တော်တွင် အတိုက်အခံများ တင်သွင်းသည့် စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲ ဆုံးဖြတ်မှု၌ ၎င်း၏ အာဏာရပါတီက သပိတ်မှောက်ခဲ့သဖြင့် စွပ်စွဲပြစ်တင် ခံရမည့်အရေးမှ လွတ်မြောက်ခဲ့သည်။

သို့သော် အတိုက်အခံများက ယွန်းအား ဒုတိအကြိမ် စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ပြီး ထိုစွပ်စွဲပြစ်တင်မှု အဆို ကို ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဟု အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ပြောကြားခဲ့ သည်။

Source: ရိုက်တာ