CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၇
တောင်ကိုရီးယားအာဏာရပါတီ အကြီးအကဲ ဟန်ဒေါင်ဟွန်း (Han Dong-hoon) က သမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol) ကို ရာထူးမှ ချက်ချင်းဆိုင်းငံ့ရန် တိုက်တွန်းခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် အထင်ကရ နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် ခိုင်လုံသော သက်သေများရှိသည်ဟု အာဏာရ ပြည်သူ့အင်အားပါတီ (PPP) ခေါင်းဆောင် ဟန် က ပြောသည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့ပြီး စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန် အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်အား ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယွန်းအား လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုကို ဆန့်ကျင်မည်ဟု ဟန်က ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ယွန်းအား ရာထူးမှဆိုင်းငံ့ရန် ပြောင်းလဲပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားအာဏာရပါတီ အကြီးအကဲ ဟန်ဒေါင်ဟွန်းကို တွေ့ရစဉ်
"သမ္မတဟာ အထင်ကရ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းပြီး သူတို့တွေကို နိုင်ငံဆန့်ကျင်တဲ့ အင်အားစုတွေ အဖြစ် ပုံဖော်ဖို့ ကာကွယ်ရေး တန်ပြန်ထောက်လှမ်းရေးတပ်မှူးကို အမိန့်ပေးခဲ့တယ်လို့ ကျနော် မနေ့ညက သိခဲ့ရပါတယ်" ဟု ဟန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားကို နောက်ထပ် ပရမ်းပတာ အခြေအနေအတွင်း သက်ဆင်းစေမည့် အခြေအနေမျိုးမှ ဟန့်တား ရန်အတွက် သမ္မတအား စွပ်စွဲပြစ်တင်မည့် အစီအစဉ်ကို ဟန့်တားမည်ဟု အစောပိုင်းက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
"ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ တောင်ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ အတွက် သမ္မတကို တာဝန်ကရပ်စဲဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟု ဟန်က ပြောကြား ခဲ့သည်။
ယွန်းသည် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို တရားမဝင်ဘဲ မှားယွင်းကြောင်း ဝန်ခံခဲ့ခြင်းမရှိဘဲ၊ နောက် တစ်ကြိမ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရန် ကြိုးပမ်းနိုင်သဖြင့် အလွန်အန္တရာယ်ကြီးကြောင်း ဟန်က သတိပေးခဲ့ သည်။
Source: အယ်လ်ဂျာဇီးယား