CNI International News

အဆန်စီယွန်၊ ဒီဇင်ဘာ ၇

ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး မလုပ်ရန် ပြောကြားခဲ့သည့်အတွက် ပါရာဂွေးနိုင်ငံက တရုတ်သံတမန်ကို ပြည်တွင်းရေး ကြားဝင်စွက်ဖက်မှုဖြင့် နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပါရာဂွေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်ချက်တွင် တရုတ်သံတမန် ရှူဝေ (Xu Wei) ၏ ဗီဇာကို ပယ်ဖျက်ကြောင်း၊ ၎င်းအား လက်မခံနိုင်သော လူပုဂ္ဂိုလ်အဖြစ် ကြေညာကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် ဖော်ပြထားသည်။

ရှူသည် ပါရာဂွေးလွှတ်တော်တွင် အံ့အားသင့်ဖွယ် ပေါ်ထွက်လာခဲ့ပြီးနောက် ထိုင်ဝမ်နှင့် တရုတ်အကြား ဆက်ဆံရေးများတွင် တစ်ဖက်ဖက်ကို ရွေးချယ်ရမည်ဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ရှူသည် ကုလသမဂ္ဂ၏ နိုင်ငံတကာ ယဉ်ကျေးမှု၊ သိပ္ပံနှင့် အနုပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖြစ်သည့် UNESCO ၏ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ရန်အတွက် ပါရာဂွေးနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်သံတမန် ရှူဝေကို တွေ့ရစဉ်

“ဒီလူကြီးလူကောင်းဆီမှာ အပြိုင်လုပ်ငန်းစဉ် ရှိခဲ့ပါတယ်။ သူဟာ ပြည်တွင်းနိုင်ငံရေးထဲ ဝင်ပါခဲ့ပါတယ်။ ဒါဟာ မသင့်တော်ပါဘူး" ဟု ပါရာဂွေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ အုပ်ချုပ်ရေးနှင့် နည်းပညာရေးရာ ဒုဝန်ကြီး ဟွမ် ဘိုင်အာဒီ (Juan Baiardi) က ပြောကြားခဲ့သည်။

ပါရာဂွေးနိုင်ငံသည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထား သည့် အနည်းငယ်သော နိုင်ငံများထဲတွင် ပါဝင်သည်။

ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားသည့် တရုတ်ကမူ ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိုင်ဝမ်နှင့် တရုတ် အကြား တစ်ဖက်ဖက်ကို ရွေးချယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်ဝမ်ကို အသိအမှတ်ပြုထားသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံသာရှိပြီး ပါရာဂွေးသည် တောင်အမေရိက တွင် ထိုင်ဝမ်ကို အသိအမှတ်ပြုသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား