CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၇
တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်ညပိုင်းက သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် တောင်ကိုရီးယား၏ ဝမ်ငွေတန်ဖိုး အနိမ့်ဆုံး အဆင့်အထိ ကျဆင်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဘဏ္ဍာရေးဝန်ကြီးသည် ဝမ်ငွေတန်ဖိုးကို ပြန်လည်တည်ငြိမ်စေရန် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဦးစားပေးကိစ္စအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့သည်။
စစ်အုပ်ချုပ်ရေးအမိန့်ကို ဆန့်ကျင်သည့် အစိုးရအဖွဲ့ဝင်များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမို့စ်(Choi Sang-mok) သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သည့် အချိန်မှာပင် ညတွင်းချင်း အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့သည်။
ချွဲသည် ဆိုးလ်ဘန်လုပ်ငန်းရှင်များကလပ်တွင် ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီများမှ ခေါင်းဆောင်များနှင့် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ရည်မှန်းချက်မှာ အာရှစျေးကွက်များဖွင့်သည့် မနက်ပိုင်းသို့ မရောက်မီ ဝမ်ငွေကြေးများကို အများအပြား ထုတ်ရောင်းခြင်းမှ တားဆီးရန်ဖြစ်ပြီး စျေးကွက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့ကြသည်။
တောင်ကိုရီးယားမှာ သမ္မတနုတ်ထွက်ဖို့ တောင်းဆိုနေကြစဉ်
၎င်းတို့၏ အစီအမံများကြောင့် ဝမ်ငွေကြေးသည် ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ် နောက်ပိုင်း အဆိုးရွားဆုံး အဆင့်အထိ ကျဆင်းသွားခဲ့သည့် ဝမ်ငွေကြေးတန်ဖိုးကို ပြန်လည်မြှင့်တင်နိုင်ခဲ့သည်။
ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ရီချန်ယွန်း (Rhee Chang-yong) က ဝမ်ငွေကြေးတန်ဖိုး ကာကွယ်မည့် ကြေညာ ချက်များကို ချက်ချင်းထုတ်ပြန်ခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ ထွက်မသွားစေရန် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၏ အရေးကြီးမားပုံကို အဓိကထား ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသည့် အစိုးရအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ထိုကဲ့သို့ တုန့်ပြန်ဆောင်ရွက်မှုများသည် ၁၉၉၈ ခုနှစ် အာရှစီးပွားပျက်ကပ် အပါအဝင် အတိတ်ကာလက စီးပွား ပျက်ကပ်များမှ ရရှိခဲ့သည့် သင်ခန်းစာများကို အခြေခံပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ထိုအကျပ်အတည်းကို ထိရောက်စွာ ဖြေရှင်းနိုင်မည် ဟုတ်၊မဟုတ်ကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ အနီးကပ်စောင့်ကြည့် နေသည်။
Source: ရိုက်တာ