CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၂
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ ထိပ်သီးလက်ထောက် အများအပြားက ရာထူးမှ အုပ်စုလိုက် နုတ်ထွက်ရန် ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယာယီသမ္မတ ချွဲဆန်းမွတ် (Choi Sang-mok) က စွပ်စွဲပြစ်တင်ခံထားရသည့် ယွန်း၏ အမှုကို ဆုံးဖြတ်ရန် အတွက် တရားသူကြီး ၂ ဦး ခန့်အပ်မှုကို အတည်ပြုခဲ့မှုအပေါ် ယွန်း၏ သမ္မတရုံးက ဝမ်းနည်းကြောင်း ဖော်ပြခဲ့ ပြီးနောက် တစ်ရက်အကြာတွင် ယွန်း၏ ထိပ်သီးလက်ထောက်များက ရာထူးမှအုပ်စုလိုက် နုတ်ထွက်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
ယွန်း၏ သမ္မတရုံးအဖွဲ့ အကြီးအကဲ၊ မူဝါဒရေးရာအကြီးအကဲ၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံခြား ရေးနှင့် လုံခြုံရေး အထူးအကြံပေးပုဂ္ဂိုလ်တို့ အပါအဝင် ရုံးအဖွဲ့ အတွင်းရေးမှူးများက ရာထူးမှ နုတ်ထွက်စာများ တင်ခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ယာယီသမ္မတ ချွဲကမူ နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုရှိစေရန် အာရုံစိုက်နေရသည့် အချိန်ဖြစ်သဖြင့် ၎င်းတို့၏ နုတ်ထွက်စာများကို လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယွန်းဆော့ရွဲကို ဆန္ဒပြနေကြစဉ်
ဒီဇင်ဘာ ၃ ရက်က ယွန်း၏ အောင်မြင်ခဲ့ခြင်း မရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး ကတည်းက ၎င်း၏ လက်ထောက်များသည် ရာထူးမှ နုတ်ထွက်စာများကို ဆက်တိုက် တင်သွင်းခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့၏ နုတ်ထွက်စာများကို လက်ခံခဲ့ခြင်းမရှိကြောင်း သမ္မတရုံး၏ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ချွဲသည် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်ကတည်းက သမ္မတရုံး၏ အတွင်းရေးမှူးများသည် ချွဲကို ကူညီပေးခဲ့ကြကြောင်း ထိုအရာရှိက ပြောသည်။
အချို့လက်ထောက်များသည် အစိုးရအဖွဲ့၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်း မရှိသော်လည်း ချွဲကို အစီရင်ခံစာများ တင်ပြခြင်း၊ လိုအပ်လာပါက အစည်းအဝေးများ တက်ရောက်ခြင်းတို့ ရှိခဲ့သည်ဟု အခြားအရာရှိနှစ်ဦးက ပြောသည်။
ယွန်း၏ အမှုကို ကိုင်တွယ်နေသည့် အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လစ်လပ်နေသည့် တရားသူကြီး ၂ ဦး၏ နေရာကို အစားထိုး ခန့်အပ်မှုအား ချွဲက အတည်ပြုခဲ့ပြီးနောက် သမ္မတရုံး၏ လက်ထောက်များက ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အခြေခံဥပဒေဆိုင်ရာခုံရုံး၌ ယွန်း၏ အမှုကို စစ်ဆေးမည့် တရားသူကြီး ၉ ဦးတွင် ၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
ယွန်းနှင့်ပတ်သက်သည့် စီရင်ချက်များကို ချမှတ်ရန်အတွက် တရားသူကြီး ၉ ဦးအနက် ၆ ဦး၏ သဘောတူညီမှုကို ရရှိရန် လိုအပ်မည်ဖြစ်သည်။
Source: ရိုက်တာ