CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အနေဖြင့် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန် တရုတ် အစိုးရက သြဂုတ် ၂၉ ရက်နေ့စွဲဖြင့် စာပို့အကြောင်းကြားခဲ့သည်။

တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်သည် တိုက်ပွဲများကို ချက်ချင်း ရပ်တန့်ကာ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်ဒေသများ တွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း တရုတ်ဘက်က ပြောသည်။

ထိုစာထဲတွင် “ တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား လုပ်ငန်းများနှင့် သက်ဆိုင်သော လုံခြုံမှုများကို အာမခံပေးရန် တရုတ်ပြည်နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေး နှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမှုကို ပ ပျောက်အောင် ဆောင်ရွက်ရမည်။ သို့မဟုတ်ပါက တရုတ်ဘက်မှ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမို လုပ်ဆောင် မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်” တရုတ်ဘက်က ပြောသည်။

TNLA သည် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(DPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLA) တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သည်။

တရုတ်က TNLA ကို ပေးပို့သော စာကိုတွေ့ရစဉ်

ထိုစစ်ဆင်ရေးအတွင်းမှာ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ ဒေသများကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချိုဒေသများ အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မိုးကုတ်၊ မိုးမိတ်ဒေသများကို ထိန်းချုပ်ခဲ့သည်။

အလားတူ မန္တလေး PDF များ မတ္တရာ၊ စဉ့်ကိုင်း၊ သပိတ်ကျင်း ဒေသများကို ထိန်းချုပ်နိုင်ရေးအတွက်လည်း ပူးပေါင်း တိုက်ပွဲဖော်ပေးခဲ့သလို ပြင်ဦးလွင်နှင့် မန္တလေးမြို့ကြီးများကို တိုက်ခိုက်ရန် စစ်အင်အား စုဖွဲ့ပြင်ဆင် လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသလို ဒေသတွင်းရှိ မြို့/ရွာများ ပျက်စီး ဆုံးရှုံးခဲ့သည်။

မန္တလေး PDF ကို တွေ့ရစဉ်

တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် တရုတ်အစိုးရက ကြားဝင်၍ ဟိုင်ဂင်ဆွေးနွေးပွဲကို ဖော်ဆောင်ပေးရာ (၅)ကြိမ်အထိ ဆွေးနွေးထားပြီးဖြစ်သော်လည်း (၆)ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့အချိန်ထိ မလုပ်နိုင်သေး ဘဲဖြစ်နေသည်။

ထို့နောက် တရုတ်သည် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာ ကျည်အစစ်များသုံး၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

TNLA အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေး မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်း ဖြေရှင်းရန်အတွက် မှန်ကန်သော လမ်းကြောင်းသို့ အမြန်ဆုံးပြန်လာမည်ဟု မျှော်လင့်ကြောင်း တရုတ်က TNLA သို့ ပေးပို့သော စာထဲတွင် ပြောကြားထားသည်။