CNI International News

အေဒင်၊ ဩဂုတ် ၃၀

ပင်လယ်နီတွင် တိုက်ခိုက်ခံခဲ့ရသည့် ရေနံတင် သင်္ဘောတစ်စင်းပေါ်ရှိ သင်္ဘောသားမျာကို ကယ်တင်ရန်နှင့် ရေနံများ ယိုဖိတ်မှုကို ကာကွယ်တားဆီးရန် ဆွဲသင်္ဘောများနှင့် ကယ်ဆယ်ရေးသင်္ဘောများကို ထိုရေနံတင် သင်္ဘောထံ သွားရောက်ခွင့်ပြုရန် ယီမင်နိုင်ငံ၏ ဟူရ်သီအဖွဲ့က သဘောတူခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်အထူးတာဝန်အဖွဲ့က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဟူရ်သီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိ ဂရိအလံတင် ရေနံတင် သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

MV Sounion အမည်ရှိ ထိုသင်္ဘောပေါ်တွင် ရေနံစိမ်း တန်ချိန်ပေါင်း ၁၅၀,၀၀၀ တင်ဆောင်ထားသဖြင့် ထိုရေနံများ ယိုဖိတ်ခဲ့ပါက သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိစေနိုင်ကြောင်း သင်္ဘောကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

"အဲဒီရေနံတင် သင်္ဘောဆီကို ဆွဲသင်္ဘောတွေနဲ့ ကယ်ဆယ်ရေးသင်္ဘောတွေ သွားရောက်နိုင်ဖို့အတွက် ယာယီ အပစ်ရပ်ပေးထားဖို့ နိုင်ငံအချို့က ဟူရ်သီအဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။ ဟူရ်သီအဖွဲ့ကလည်း လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် တောင်းဆိုချက်ကို လက်ခံ ခဲ့ပါတယ်" ဟု နယူးယောက် (New York) ရှိ အီရန်၏ ကုလအထူးတာဝန်အဖွဲ့က ပြောကြားခဲ့သည်။

ပင်လယ်နီမှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရစဉ်

ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူဆာလမ် (Mohammed Abdulsalam) ကမူ နိုင်ငံတကာ အဖွဲ့အစည်းအချို့က မိမိတို့အဖွဲ့ကို ဆက်သွယ်လာခဲ့သဖြင့် ထိုရေနံတင်သင်္ဘောကို ဆွဲယူဖို့ ကယ်ဆယ်ရေး သင်္ဘောများကို သွားရောက်ခွင့်ပြုရန်သာ သဘောတူညီခဲ့ကြောင်းနှင့် ယာယီအပစ်အခတ်ရပ်စဲခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနသို့ ဩဂုတ် ၂၈ ရက်က ပြောကြားခဲ့သည်။

MV Sounion သင်္ဘောသည် ပြီးခဲ့သည့် သီတင်းပတ်က ယီမင်၏ ဟိုဒိုင်ဒါ (Hodeidah) ဆိပ်ကမ်းမြို့၏ ကမ်းလွန် ရေပြင်တွင် ဒုံးလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိတွင် သင်္ဘောပေါ်မှ ရေနံများ ယိုစိမ့်ထွက် နေသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ရိုက်တာသတင်းဌာနကမူ သင်္ဘောပေါ်မှ ရေနံများ ယိုစိမ့်ထွက်နေသည့် သတင်းများကို လွတ်လပ်စွာ အတည်မပြု နိုင်ကြောင်း ဖော်ပြခဲ့သည်။

ပင်လယ်နီမှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရစဉ်

ယီမင်၏ နယ်နိမိတ် အများစုကို ထိန်းချုပ်ထားသည့် ဟူရ်သီအဖွဲ့ကမူ MV Sounion သင်္ဘောကို ၎င်းတို့ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟူရ်သီအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်စွာရှိကြောင်း ပြသရန်အတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ပင်လယ်နီတွင် သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုပေါင်း အကြိမ် ၇၀ ကျော်အတွင်း သင်္ဘောနှစ်စင်း နစ်မြုပ်ခဲ့ပြီး သင်္ဘောတစ်စင်းကို စီးနင်းခံခဲ့ရကာ သင်္ဘောသား ၃ ဦး ထက်မနည်း သေဆုံးခဲ့သည်။

တတိယအဖွဲ့အစည်းတစ်ခုသည် MV Sounion သင်္ဘောကို ဆွဲယူရန် ဆွဲသင်္ဘောနှစ်စင်း စေလွှတ်ခဲ့သော်လည်း ဟူရ်သီအဖွဲ့က ထိုဆွဲသင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ