CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၀

ရှေ့အနာဂတ်တွင် နိုင်ငံကို အုပ်ချုပ်ကြမည့် ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုကိုကြည့်ပြီး အလုပ်လုပ်ကြ ရန် လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ထို့အတူ နိုင်ငံသူ/နိုင်ငံသားများ အနေဖြင့်လည်း လူပုဂ္ဂိုလ်ထက် နိုင်ငံကို ပိုချစ်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်၏ အမှားက တိုင်းပြည်ပျက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။

စိုင်းဋ္ဌေးအောင်က “အခု ပြည်တွင်းမှာ ဖြစ်သွားတဲ့ ပဋိပက္ခကို ပြန်လည်သုံးသပ် ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ရှမ်းစကားမှာ ရှိပါတယ်။ နမ့်မနီး ထိုမော်၊ လုတ်မနီး ထိုပေါဆိုတဲ့ဟာ ရေမကောင်းရင်တော့ ချောင်းဖျားအထိ စုန်ဆင်းပြီးတော့ မှော်ကို ရောက်ကို ရောက်တာပေါ့ဗျာ၊ သားသမီးမကောင်းရင်တော့ မိဘဆီရောက်တာပေါ့၊ အဲဒီ လိုမျိုး သုံးသပ်ကြည့်တဲ့အခါမှာ ကျနော်တို့ ဒီပြဿနာက နိုင်ငံတော်ထက်ကို လူပုဂ္ဂိုလ် ပိုချစ်သွားလို့ဖြစ်တယ်လို့ ကျနော့် အနေနဲ့ အကျဉ်းချုပ် ပြောချင်တယ်၊ နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ချစ်ကြမယ်ဆိုရင်တော့ ဒီပြဿနာ ဖြစ်လာစရာ အကြောင်း မရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေး လုပ်တဲ့သူရော၊ စစ်ရေးခေါင်းဆောင်တွေရော နိုင်ငံနဲ့ ပြည်သူ့မျက်နှာကြည့်ပြီး အလုပ်လုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ အမှားက တိုင်းပြည်ပျက်သွားနိုင်တယ်၊ စစ်ရေးခေါင်းဆောင်တစ်ယောက်ရဲ့ အမှားက သူ့နောက်ကိုလိုက်တဲ့ ရဲဘော်လောက် ပဲ ကျဆုံးနိုင်တဲ့ အဆင့်ပေါ့နော်၊ အခု နိုင်ငံရေးခေါင်းဆောင်ရော၊ စစ်ရေးခေါင်းဆောင်ရော မှားယွင်းသွားတဲ့ အခါ ကြတော့ တိုင်းပြည်က ဖွတ်ဖွတ်ညှက် ကြေနေပြီ၊ ဒါကြောင့်မို့ ရှေ့အနာဂတ်မှာ နိုင်ငံနဲ့ ပြည်သူ့မျက်နှာကြည့်ပြီးမှ အလုပ်လုပ်ပေးကြပါလို့ ကျနော်ပြောချင်တာပေါ့နော်၊ နိုင်ငံသူ/နိုင်ငံသား အားလုံးကလည်း လူပုဂ္ဂိုလ်ထက်ကို နိုင်ငံကို ချစ်ကြဖို့ကိုတော့ ကျနော်တိုက်တွန်းချင်တယ်ဗျ” ဟု ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ပြီးခဲသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံ့ခေါင်းဆောင်များ သဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာ ခဲ့သော နိုင်ငံရေးအပြောင်းအလဲမှာ ပြည်သူလူထုများအတွက် အကျပ်အတည်း ဖြစ်စေခဲ့ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား ထောက်ပြကြသည်။

ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခကို လက်နက်ဖြင့် ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ပြည်သူလူထုကို တည်ငြိမ်သော အခင်းအကျင်း ဖန်တီးနိုင်ရန် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ် ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့  ပြောသည်။

NLD ပါတီအစိုးရခေါင်းဆောင်များနဲ့ တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “စစ်ရေးနဲ့ပဲ ရှင်းကြမယ်၊ လက်နက်နဲ့ပဲ ရှင်းကြမယ်ဆိုရင်တော့ မလွယ်လောက်ဘူး။ နှစ်ပေါင်း ၇၀ ကျော် လာပြီလေ ဖြေရှင်းကြတာ၊ အဲဒါမလွယ်လောက်ဘူး။ ကျနော်တို့ ပြောပြောနေတဲ့ စားပွဲပေါ် တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ပဲ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ထင်တယ်။ ဖြေရှင်းလို့ လုံးဝမရဘူးဆိုတာကတော့ မဟုတ်ဘူးလို့ ကျနော် ကတော့ ခံယူတယ်။ ကျနော်ကတော့ ခုနက တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ပဲ ဆိုလိုတာကတော့ လက်နက်ကိုင် အချင်းချင်း အဖြေကို ကျန်တဲ့ တိုင်းပြည်မှာ ဩဇာတိက္ကမ ရှိနေတဲ့ နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ တတ်သိ ပညာရှင်တွေ အဲဒီလိုတွေ တွေ့ဆုံဆွေးနွေးတဲ့ပွဲကြီး အဲဒီပွဲမှာမှ တကယ့်ရိုးသားတဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့စိတ်နဲ့ ရိုးရိုးသားသားနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြမယ်ဆိုရင်တော့ အဖြေတစ်ခုခု ထွက်လာလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ မျှော်လင့် ပြောဆိုလိုတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး သဘောထားကွဲလွဲမှုမှာ လက်ရှိ ၃ နှစ်ကျော် ကြာလာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပြည်သူလူထုများမှာလည်း အိုးအိမ်ပျက်စီးမီးလောင်မှု၊ ထိခိုက်သေဆုံးမှု၊ ဘေးလွှတ်ရာ တိမ်းရှောင်ရမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများဖြင့် ရင်ဆိုင်နေကြရသည်။