CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၄

မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားထဲတွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြသည့်အခါ ဆွေးနွေးပွဲမှရရှိသည့် သဘောတူညီချက်များကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြမှုများ ရှိလာသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ ပိုမိုကြီးမာကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။

ထို့နောက် နိုင်ငံရေး၊ စစ်‌ရေး ပဋိပက္ခကြားထဲတွင် ပြည်သူလူထု အနေဖြင့် အိုးအိမ်စည်းစိမ်များကို စွန့်ခွာကာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသလို အသက်အန္တရာယ် ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်နေကြ ရသည်။

နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်သည့်အခါတွင် ပြည်သူလူထုမှတဆင့် သွားရမည့် အခြေအနေ သည် အမှန်သာဖြစ်ကြောင်း၊ ၎င်းတို့ အစိုးရအဖွဲ့အစည်းများနှင့် လက်နက်ကိုင်များကြား တွေ့ဆုံဆွေးနွေးမှုမှ သဘောတူညီချက်များနှင့် အချက်အလက်များကို လူထုကြား ပြန်လည်ဆွေးနွေးသည့် ပုံစံမျိုးလုပ်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။ 

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ်

၎င်းက “လူထုကပဲသွားရမယ့် အခြေအနေက အမှန်ဗျ။ လူထုကိုလည်း အသိပေးရမယ် အချက်အလက်အချို့ပေါ့။ ဒါပေမယ့် ဆွေးနွေးမှုပုံစံကျတော့ မတူဘူး။ ဆွေးနွေးတဲ့ ပုံစံကျတော့ နံပါတ်(၁) အသေးစိတ်ညှိနှိုင်းမှုက  Top-down သွားရမယ်။ အဲဒါကတော့ ပညာရှင် level မှာ စကားပြောရမယ့်ကိစ္စ။ ဥပမာဗျာ တိုင်းရင်းသားဘက်က ဆိုရင်လည်း တိုင်းရင်းသားဘက်မှာ အသိပညာရှင် အတတ်ပညာရှင်တွေ  Influencer တွေ သပ်သပ်စီ ရှိကြတယ် လေ။ အဲဒါနဲ့ ပြည်မဖက်က ထိပ်တိုက်ပေါ့။ ဖိတ်ခေါ်တာချင်း Top-down အရင်စကားပြောရမယ်။ အဲဒီမှာ အချက် အလက်တွေ သဘောတူညီချက် ရပြီဆိုရင်တော့ လူထုကြား ဆွေးနွေးမှု ပုံစံနဲ့ပြန်သွား။ အဲဒီလို Step လေးတွေ ရှိတယ်။ ဆွေးနွေးတဲ့ပုံစံနဲ့ လူထုကို အသိပေးတဲ့ပုံစံတွေက အမျိုးမျိုးရှိတယ်။ အဲဒါမှန်ဖို့ လိုတယ်။ ကျနော် အမြင် ကတော့ ဖိတ်ခေါ်တာ အချင်းချင်း ပညာတတ် level အချင်းချင်း အရင်စကားပြောပြီးတော့ သဘောတူညီချက် အကြမ်းမျင်းရပြီဆိုမှ လူထုကြားမှာတစ်ခါ အဲဒါကို ထပ်ဆွေးနွေး ထောက်ခံမှုရအောင် ဆွေးနွေး။ အဲဒါက ဘာနဲ့ သွားတူလဲဆိုတော့ Law Referendum နဲ့တူတယ်။ ဒီတိုင်းဝုန်းဆိုပြီး ပေးလိုက်ရင် လူထုကြားမှာကလည်း အသိ ပညာကလည်း အမျိုးမျိုး Level မတူဘူးလေ။ Level မတူတော့ များသောအားဖြင့် ဆွေးနွေးပွဲတွေ ပျက်တာက level မတူတဲ့ အုပ်စုတွေက ဝင်ပြီးတော့ ဝုန်းလို့ ပျက်တာ။ တချို့ကျတော့ အသေးစိတ် နားမလည်ဘူး စာဖတ်အားနည်းတယ်။ သူတို့ ဟာ သူတို့ စားဝတ်နေရေး ရုန်းကန်နေတော့ ဒီဘက်တွေ အားနည်းတယ်။ ရုတ်တရက် သတင်းမက်ဆေ့ခ်ျ တစ်ခု ပေးလိုက်ရင် သေချာစဉ်းစားရမယ့် ကိစ္စတွေမှာ သူတို့ မစဉ်းစားနိုင်ဘူး။ အဲဒါလေး နည်းနည်း တစ်ချက်ညှိဖို့တော့ စဉ်းစားဖို့တော့ လိုတယ်ပေါ့နော်” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖြစ်စေ၊ နိုင်ငံရေး ဆွေးနွေးမှုများဖြစ်စေ လုပ်ကြသည့်အခါ ပြည်သူလူထုအား ချပြလေ့မရှိဘဲ လျှို့ဝှက်ထားကြကြောင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြဿနာများဖြစ်ပေါ်သည့် အခါမှာတော့ မည်သူက ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲလေ့ရှိကြောင်း၊ ထို့နောက် လူထုကို ပဋိပက္ခ အတွင်း သွတ်သွင်း၍ အသာစီးရအောင် လုပ်လေ့ရှိကြောင်း၊ ထိုသို့ ပြည်သူလူထုကို အသုံးချခြင်းထက် အသိပေး ကာ အပြုသဘောဆောင်သည့် လမ်းကို ဖော်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသည့် သဘောတူညီချက်များ၊ သိသင့်သိထိုက်သည့် အချက်အလက် များကို  ပြည်သူလူထုများအား ချပြရန်မှာ အင်မတန်လိုအပ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်ဆောင် ရွက်သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။ 

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ်

၎င်းက “သိပ်လိုတာပေါ့‌ဗျာ။ ဒီကိစ္စတွေကို ကျနော်တို့ ဒီ NCA ဆွေးနွေးတုန်းကလည်း လုပ်ခဲ့တာပဲ။ ကျနော် သိသလောက်ဆိုရင် KNU လည်း လုပ်ခဲ့တယ်။ RCSS တို့ SSPP တို့လည်း သူတို့လုပ်တာ ကျနော်တို့ တွေ့ရတယ်။ လုပ်ခဲ့တယ်ဗျ။ အဲဒီတော့ လူထုကလည်း သူတို့က နားစွင့်ရုံတင်မကဘူး။ သူတို့ရဲ့ အကြံဉာဏ်တွေလည်း သူတို့ ရယူခွင့်တွေရှိတယ်။ သို့သော်လည်းပဲ နေပြည်တော် ဘက်ကနေပြီးတော့မှ ဒီလိုမျိုး လုပ်တာတွေကို သူတို့က စိုးရိမ်မှုရှိတယ်။ ဒါတစ်ဖက်ကလည်း ငြိမ်းချမ်းရေးအတွက် စည်းရုံးတာ မဟုတ်ဘဲနဲ့ သူတို့အင်အားရှိဖို့အတွက် စည်းရုံးတာလားဆိုပြီးတေ့ာမှ သင်္ကာမကင်းရှိတဲ့ အခါကျတော့ ဒါတွေကို လိုက်ပြီးတော့မှ အနှောင့်အယှက်ပြု တယ်။ ပိတ်တယ်ဆိုတာတွေ ရှိခဲ့ဖူးတယ်ပေါ့ဗျာ။ ဒါမျိုးတွေကိုလည်း အစဉ်အလာတွေကိုလည်း ကျနော်တို့ ပြန်ပြီးတော့မှ ကြည့်ရမှာပေါ့‌။ မဖြစ်အောင်လည်း လုပ်ရမှာပေါ့” ဟု ပြောသည်။ 

‌မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၁၈ ရက်များတွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။

အစိုးရသစ် ဖွဲ့စည်းပြီး‌နောက် အရပ်သားအစိုးရ ပေါ်ထွန်းလာသည့် အခါတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်အကြား ငြိမ်းချမ်း‌ရေးဆွေးနွေးမှုများ ရှိလာနိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။