CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၃

တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဖောက်ဖျက်သည့် မည်သည့် အဖွဲ့အစည်း မဆို အ‌ရေးယူနိုင်မည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။ 

NCA ၏ သဘောတူညီချက်များသည် တပ်မတော်နှင့်သာ လုပ်ရသည့်ကိစ္စ မဟုတ်ဘဲ နိုင်ငံတော်နှင့် လုပ်ရမည့် ကိစ္စသာဖြစ်ကြောင်း၊ NCA လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ဖောက်ဖျက်ခဲ့ပါက မည်ကဲ့သို့ အရေးယူမည်ဆိုသည့် ကိစ္စရပ် မပါသည့်အတွက် နှုတ်ထွက်လိုက်၊ ပါဝင်လိုက် ဖြစ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NCA သဘောတူညီချက်က တပ်မတော်နဲ့ပဲ လုပ်ရတဲ့ ကိစ္စမဟုတ်ဘူး။ နိုင်ငံတော်နဲ့ လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ ဒိလိုမျိုး NCA စည်းကမ်းကို ဖောက်ဖျက်လို့ရှိရင် တပ်မတော်က အရေးယူရမှာ။ တပ်မတော်က နိုင်ငံတော်ကိုယ်စား အရေးယူရမှာ ဖြစ်တယ် ပေါ့။ အခုလောလောဆယ်က NCA လက်မှတ်ထိုးမှုပဲရှိသေးတာ။ ဒါကြီးကိုခိုင်ခိုင်မာမာနဲ့ ဥပဒေနဲ့ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ဖောက်ဖျက်ခဲ့လို့ရှိရင် ဘယ်လိုအရေးယူပါ့ မယ်ဆိုတဲ့ ကိစ္စတွေက အတိအကျ ပါထားခြင်းမရှိသေးတဲ့အတွက် ငြိမ်းချမ်းရေးမပြီးပြတ်သေးတဲ့အချိန်မှာပဲ နောက်ပြန်ဆုတ်သွားတာလို့ ရှုမြင်တယ်။ NCA ကိုချိုးဖောက်ရင်တော့ နိုင်ငံတော်ကနေ အရေးယူပါ့မယ်ဆိုတဲ့ ဟာမျိုးတွေပေါ့ဗျာ၊ NCA ကို မလိုက်နာရင် မည်သူမဆို အစိုးရပဲဖြစ်ဖြစ် EAO တွေပဲဖြစ်ဖြစ် နိုင်ငံတော်မှာ ဥပဒေ တစ်ရပ် အနေနဲ့ ရှိဖို့လိုတယ်။ ဒါတွေမရှိလို့ လွယ်လွယ်ကူကူ ဖောက်ဖျက်နေတာလို့ သုံးသပ်လို့ ရပါတယ်။ ပြီးတော့ ဖက်ဒရယ်ဆိုင်ရာ အခွင့်အရေးတွေ ပြန်ပေးဖို့လိုတယ်။ လက်ဝါးတွေ ဖြန့်ထားဖို့လိုတယ်။ ဥပေဒအညီနဲ့ ပြဋ္ဌာန်းဖို့လိုတယ်။ လွှတ်တော်မှာလည်း ပြဋ္ဌာန်းဖို့ လိုတယ်။ ဒါမှ မဟုတ်လို့ရှိရင် ဘယ်သူက လုပ်ထားတာလဲ ဆိုတဲ့အပေါ်မှာ ဘယ်အစုအဖွဲ့ကို ကိုယ်စားပြုတာလဲဆိုတဲ့အပေါ်မှာ မေးခွန်းတွေက မကွဲပြားပဲနဲ့ ပဋိပက္ခတွေ ရှုံ့ချည်နှပ်ချည်လုပ်တဲ့ နိုင်ငံရေး အခင်း အကျင်း ဖြစ်လာတယ်လို့ ကျနော်တို့ သုံးသပ်တယ်” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်‌ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။ 

ထို့နောက်တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။

လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေ သည်။

ယခုအချိန်တွင် NCA ၏ ယခင်တုန်းက လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်သွားမည်ဆိုလျှင် အဆင်ပြေနိုင်တော့မည် မဟုတ်ကြောင်း၊ ညှိနှိုင်း ဆွေးနွေးရေး မူဘောင်များကို ပြန်လည် ပြင်ဆင်ရန် လိုအပ် သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။ 

NCA လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပစဉ်

၎င်းက “(ဥ‌ပဒေတစ်ရပ်) ရှိရင် ကောင်းတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် ဖောက်ဖျက်တာက ဘာလဲဆိုတာသိဖို့ လိုတာပေါ့။ တစ်ဖက်တည်းကိုပဲ မဲပြီးတော့မှ ဖောက်ဖျက်တယ်လို့ ပြောလို့မရဘူး။ နှစ်ဖက်စလုံးမှာ ဖြစ်နိုင် တယ်။ နှစ်ဖက်စလုံးမှာ ဖြစ်နိုင်တယ်ဆိုတော့ အပြစ်ဒဏ်တွေ ဘာတွေ ချမယ်ဆိုရင် သူပဲခံရမှာ မဟုတ်ဘူး ငါလည်း ပါတယ်ဆိုတာ အားလုံးသိဖို့ လိုတာပေါ့။ ဒီကိစ္စ ပတ်သက်လို့ရှိရင် စဉ်းစားလို့ရတာ လောလောဆယ် နှစ်မျိုး ရှိတာပေါ့။ တစ်မျိုးကတော့ အပြစ်ရှိတဲ့လူကို ဒဏ်ပေးတာပေါ့။ အပြစ်ရှိသူ ဒဏ်ပေးလို့ သူက သူ့ရဲ့အမှား ကို ပြုပြင်တယ်ဆိုရင် ကောင်းတာပေါ့။ ဒါပေမယ့် အပြစ်ရှိသူကို ဒဏ်ပေးပြီးတော့မှ သူက ပြန်ပြီးတော့မှ ဆန့်ကျင် တိုက်ခိုက်လာပြီဆိုရင် ငါတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာလည်း ကြိုတင်ပြီးတော့ စဉ်းစားရမှာပေါ့ဗျာ။ ဒီကိစ္စကို ကြိုတင် မစဉ်းစားဘူးဆိုရင် ပြဿနာကို ဖြေရှင်းမယ့်အစား ပြဿနာကို ပိုဆိုးလာအောင် လုပ်တဲ့ဟာမျိုး ဖြစ်သွားမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ပြဿနာက ဒါပဲ။ သူ့(NCA)ရဲ့ အားနည်းချက် အဓိက ပြောမယ်ဆိုရင် အခု အခြေအနေက အများကြီး ပြောင်းသွားပြီ။ အဲဒီတုန်းကဆိုရင် ၂၁ ဖွဲ့ရှိတယ် တစ်နိုင်ငံလုံးမှာ။ ဒါပေမယ့် အခုရာနဲ့ ချီပြီးတော့ ရှိလာပြီ။ ဒီလိုမျိုး ရာနဲ့ချီ ရှိလာတဲ့ အခြေအနေမှာ NCA ကို NCA အတိုင်း လုပ်သွားမယ်ဆိုရင် သူ့ရဲ့ လုပ်ငန်းစဉ်အတိုင်း သူ့ရဲ့ Process အတိုင်း လုပ်သွားမယ်ဆိုရင် သူက မဖြစ်နိုင်ဘူး။ ဒါကိုပြင်ဆင်ဖို့ လိုတယ်။ အဓိက,က ကျနော်တို့ ဆွေးနွေးရေးမူဘောင်ကို ဒါကိုပြင်ဆင်ဖို့ လိုပါတယ်။ ဆွေးနွေးရေးမူဘောင်ဆိုတာ NCA ထဲမှာ တိုက်ရိုက်မပါဘူး။ ဒါမယ့် NCA ကနေ ဖြစ်ပေါ်လာတဲ့ ဆွေးနွေးရေး မူဘောင်ဖြစ်တယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်-အစိုးရ-လွှတ်တော်ကြား သဘောထား သည့် NCA စာချုပ်၌ မည်သည့် အခြေအနေဆိုလျှင် နုတ်ထွက်ခွင့်ရှိပြီး မည်သည့် အခြေအနေဆိုလျှင် နုတ်ထွက် ခွင့်မရှိကြောင်း တိကျစွာ ပြဋ္ဌာန်းထားခြင်းမရှိပေ။

ထို့ပြင် NCA စာချုပ်ကို ချိုးဖောက်ပါက အရေးယူနိုင်သည့် ယန္တရားမရှိသည့်အတွက် NCA ကို လိုသလို အဓိပ္ပာယ် ဖွင့်၍ အပြန်အလှန် ချိုးဖောက်သည်ဟု စွပ်စွဲကာ အငြင်းပွားလျက်ရှိသည်။