CNI International News
၂၀၂၆ ခုနှစ်၊ မတ်လ ၄
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုရယ် ဘားရော့ (Jean-Noel Barrot) သည် မတ်လ ၂ ရက်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် (Wang Yi) နှင့် အီရန်စစ်ပွဲ အခြေအနေကို ဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုတွင် စစ်ပွဲ၏ အရှိန်လျှော့ချနိုင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ဘားရော့၏ ရုံးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဘားရော့နှင့် ဝမ်တို့သည် စုပေါင်းလုံခြုံရေးကို အာမခံချက်ပေးနိုင်ပြီး အီရန်ပြည်သူများ၏ သဘောဆန္ဒများကိုပါ ထည့်သွင်းစဉ်းစားမည့် နိုင်ငံရေးအဖြေတစ်ခုကို ရှာဖွေရန်လည်း ကတိပြုခဲ့ကြသည်။
သို့သော် အီရန်အစိုးရသည် ဒေသတွင်းရှိ နိုင်ငံအများအပြားကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်နေခြင်းကြောင့် လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲအရှိန် မြင့်တက်မှုများအတွက် အီရန်တွင် တာဝန်ရှိကြောင်း ဘားရော့က ပြောကြား ခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုရယ် ဘားရော့ကို တွေ့ရစဉ်
ထို့ပြင် အီရန်အစိုးရ အနေဖြင့် နျူကလီးယား အစီအစဉ်များ၊ ပဲ့ထိန်းဒုံးကျည် လှုပ်ရှားမှုများ၊ တရားမဝင် လက်နက် ကိုင် အဖွဲ့အစည်းများကို ထောက်ပံ့ ပေးနေမှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် များကို လေးစားလိုက်နာရန် ငြင်းဆန်နေပြီး နိုင်ငံတကာ ဆွေးနွေးညှိနှိုင်းမှုများကို ငြင်းပယ်နေကြောင်း ဘားရော့ က ဝေဖန်ပြစ်တင်ခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလုပ်ဆောင်ချက်များတွင် ပြင်သစ်နိုင်ငံ ပါဝင်ပတ်သက်ခြင်း မရှိသလို ကြိုတင် သိရှိထားခြင်းလည်း မရှိကြောင်း ၎င်းကဆိုသည်။
သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် လိုအပ်ပါက အင်အားသုံးရန်အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို အလေးထားဆက်ဆံရမည်ဟု ဘားရော့က ပြောကြားခဲ့သည်။
ဝမ်နှင့် ဘားရော့သည် အီရန်အရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
